
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ဧရာဝတီတိုင်း ၊ ငပုတောမြို့တွင် မတ်လ ၆ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းဒေသခံများထံမှ သိရှိရသည်။
ငပုတောမြို့၊တောင်ပိုင်းရပ်ကွက် ၊ မဉ္ဇူလမ်းရှိ အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်နွဲ့ရီ၏ဓနိမိုး၊ဓနိကာအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက်ထားရာမှ ဘေးအကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကမ်းနားဘက်ဆိုတော့ လေအရမ်းတိုက်တယ် စလောင်တဲ့အိမ်က ဓနိအိမ်ဖြစ်နေတော့ လောင်အားကောင်းပြီး တစ်နာရီကျော်အောင် ငြိမ်းသတ်လိုက်ရတယ်။ လူနဲ့တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါဘူး”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးလောင်ကျွမ်းမှုကို ငပုတောနှင့်ပုသိမ်မြို့မှ မီးသတ်ကား ခုနစ်စီးအပါအ၀င် ပြည်သူများစုပေါင်းကာ တစ်နာရီကျော်ငြိမ်းသတ်ခဲ့ရပြီး စုစုပေါင်းနေအိမ် ၁၀လုံး၊ မီးဘေးဒုက္ခသည် ၂၈ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ၂,၉၅၆,၅၀၀ ကျပ်ရှိသည်ဟု သိရသည်။
လက်ရှိတွင်မီဘေးသင့်ခဲ့သော အိမ်ထောင်စု ၁၀စု မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့်ဆွေမျိုးအိမ်များတွင် နေထိုင်နေရပြီ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား ပုဒ်မ ၂၈၅ဖြင့် ငပုတောမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။
#ငပုတောမြို့ #မီးလောင်မှု #နေအိမ်၁၀လုံးမီးလောင် #Ayeyarwaddy_Times