
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၇ ရက်
ရှမ်းမြောက်ရှိ လားရှိုးနှင့် ကျောက်မဲမြို့များသို့ စစ်ကောင်စီက တပ်ဖြန့်၍စစ်အင်အားတိုးချဲ့နေကြောင်း သိရသည်။
ယခုမတ်လ ပထမပတ်အတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့သို့ စစ်အင်အားများ တိုးချဲ့ပို့ဆောင်နေပြီး မြေမြုပ်မိုင်းများလည်း နေရာအနှံ့ ခင်းကျင်းထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
“ကျောက်မဲအနီးနားရွာတွေမှာ ကာကင်းလုပ်တာဆိုပြီး တစ်နေ့ကိုစစ်ကောင်စီအင်အားအယောက် ၅၀ လောက်ချီတက်နေတာတွေ့ရတယ်။ သီပေါဘက်ကိုပါ အင်အားပို့နေတယ်လို့ သိရတယ်။ ပြီးတော့ မိုင်းလုံ၊ မိုင်းငေါ့အနီးနားမှာလည်း တပ်ဖြန့်နေတာရှိတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီ၏ စကခ ၁၊ ခမရ ၅၀၁၊ ခမရ ၅၀၂ နှင့် အမြောက်တပ်(အမတ)များမှ စစ်ကောင်စီ တပ်သားများသည် ကျောက်မဲမြို့အနီး၀န်းကျင်ကျေးရွာများအထိ ကာကင်းများပြုလုပ်၍ အင်အားတိုးချဲ့နေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်ခန့်တွင် ရမခ စစ်ဌာနချုပ် တည်ရှိရာ အနီး၀န်းကျင်ရှိ တပ်များနှင့် ဘုရားတောင်ရှိ အစောင့်တပ်များတွင် စစ်အင်အား တိုးချဲ့ချထားပြီး မိုင်းကွင်းများလည်း ပြုလုပ်ထား သည်ဟု သိရသည်။
ယင်းသို့ စစ်အင်အားတိုးချဲ့ဖြန့်ကျက်ရန် ပို့ဆောင်ခံရသူများမှာ စစ်မှုမထမ်းမနေရ အရန်ဥပဒေဖြင့် ခေါ်ယူ ထားသည့် ဆေးခွင့်၊ နုတ်ထွက်၊ ပြစ်ဒဏ်ကျခံတပ်သားများနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများဖြစ်ပြီး ၎င်းတို့ကို စစ်သင်တန်းနှစ်ပတ်ပေးပြီး ရှမ်းမြောက်ရှိ မြို့နယ်များသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။
စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်တွင်ပါ၀င် သည့် နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာတွင် ရှေ့ ဆက်မတိုးဘဲ အပစ်ခတ်ရပ်ထားရန် ဆိုသည့်အချက်ကို ချိုးဖောက်ပြီး ယခုကဲ့သို့ စစ်အင်အားတိုးချဲ့ဖြန့် ကျက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများကဆိုသည်။
ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့၀င်များကို လက်နက်တပ်ဆင်ပေးအပ်ပွဲအခမ်းအနားကိုလည်း ပြီးခဲ့သည့် ဖေဖော်၀ါရီ ၉ ရက်နေ့က လားရှိုးရှိ ရမခ တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သေးသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း TNLA တပ်များသိမ်းယူထားသည့် နမ့်ဆန်၊ နမ္မတူနှင့် မန်တုံ မြို့များကို စစ်ကောင်စီက အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာပြီး ရမခတိုင်းမှူးကို အာဏာကုန်လွှဲအပ်၍ အုပ်ချုပ်စေခဲ့သည်။
စစ်ကောင်စီ၏ ယင်းသို့လုပ်ရပ်သည် ဟိုင်ဂင်အပစ် ခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်မည်ကို အထူးစိုးရိမ်မိပါသည်ဟု ညီ နောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြီး စစ်ရေး ပြင်ဆင်နေမှုများနှင့် စစ်အုပ်ချုပ်ရေးကြေညာချက်သည် ရှမ်းမြောက်ရှိ မဟာမိတ်အဖွဲ့များသိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်သိမ်းယူလိုသည့် အခြေအနေ ဖြစ်နေကြောင်း စစ်ရေးစောင့်ကြည့်နေသူများက လေ့လာသုံးသပ်ပြောဆိုသည်။
ပုံစာ- အပစ်ရပ်ထားသည့် ရှမ်းမြောက် လားရှိုးရမခ တွင် ပြည်သူ့စစ်များကို လက်နက်ပေးအပ်နေစဉ်
#ရှမ်းမြောက် #ကျောက်မဲ #လားရှိုး #စစ်အင်အားတိုး ချဲ့ #ဖြန့်ကျက် #စစ်ကောင်စီ #Ayeyarwaddy_Times