ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ရာ ခမရ (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် ဗိုလ်မှူးတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ပုဏ္ဏားကျွန်းစခန်းသိမ်းတိုက်ပွဲအတွင်း ခမရ (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို( DSA အပတ်စဉ် (၄၂)) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ထားသည်။

ထိုစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် AA မှ အရှင်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့ပြီး ခမရ (၅၅၀) တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

ထို့အပြင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကိုလည်း AA က အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထား‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက်၊ နံနက် (၈) နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂) စီးကိုလည်း ရက္ခိုင့်တပ်တော် AAမှ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဇက်သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဤကဲ့သို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီ၏ ဇက်သင်္ဘောနှင့် စစ်သင်္ဘော ၅ စီးကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်းက ကျောက်တော်နှင့် မင်းပြားတိုက်ပွဲများတွင် နှစ်မြှုပ်ဖျက်ဆီးနိုင်ခဲ့သေးသည်။

ပုံစာ – မင်းပြား သက်ပုန်း​တောင်အနီးတွင် စစ်​ကောင်စီ၏ စစ်သင်္ဘောကို AA တိုက်ခိုက်နှစ်မြှုပ်ထားစဥ် (ပုံ​ဟောင်း)

#ပုဏ္ဏားကျွန်းမြို့ #စစ်ကောင်စီ #ခမရ၅၅၀ #ဗျူဟာမှူး #တပ်ရင်းမှူး #အသေဖမ်းဆီးရမိ #Ayeyarwaddy-Times