ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်သော နိုင်ငံတကာအမျိုးသမီးများ သတ္တိရှင်ဆုကို မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများတွင် အခမဲ့လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဒေါ်မဉ္ဇူဝင်းရရှိကြောင်း မတ်လ ၁ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးများသတ္တိရှင်ဆုကို မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလာရုစ်၊ ဘောစနီးယားနဲ့ဟာဇီဂိုဗီးနား၊ ကျူးဘား၊ အီကွေဒေါ၊ ဂန်ဘီယာ၊ အီရန်၊ ဂျပန်၊ မော်ရိုကိုနှင့် ယူဂန်ဒါ နိုင်ငံမှ အမျိုးသမီးများ ရရှိခဲ့ကြောင်း သိရသည်။
OWIC ဆုရှင် ဒေါ်မဉ္ဇူဝင်းသည် အမှုလိုက်ရှေ့နေဖြစ်ပြီး အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် လိင်စိတ်ကွဲပြားသူတို့အတွက် အခွင့်အရေးရပိုင်ခွင့်နှင့် တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးသူဖြစ်ပြီး လူဦးရေ ၅၀၀ ကျော်ကိုကာကွယ်ပေးခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေါ်မဉ္ဇူဝင်းသည် ၂၀၁၇ ခုနှစ်တွင် ဥပဒေအကူညီပေးရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ဥပဒေကျောင်းသားများကို ထူးချွန်သည့် ရှေ့နေအဖြစ်လေ့ကျင့်ပေးကာ အလွတ်တန်း ရှေ့နေများနှင့်ပူးပေါင်း၍ ဥပဒေအထောက်အပံ့ လိုနေသူများအတွက် ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာဥပဒေအဖွဲ့အစည်းဖြစ်သည့် International Development Law Organization တွင် ဥပဒေပိုင်းဆိုင်ရာအကြံပေး အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ တရားဥပဒေဆိုင်ရာနှင့်ပတ်သက်ပြီးစွမ်းဆောင်မှုမြင့်တက်စေရန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ဒေါ်မဉ္ဇူဝင်းသည် လူမှုပတ်ဝန်းကျင်၌ တန်းတူညီမျှရေးနှင့် တရားဥပဒေ ဆိုင်ရာတရားမျှတမှုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
ယခုနှစ် (၁၈) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများသတ္တိရှင်ဆု ( OWIC) ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၈ ရက်နေ့ သမ္မတအိမ်ဖြူတော်မှာ ကျင်းပမှာဖြစ်ပြီး သမ္မတ ကတော် Jill Biden နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တို့က ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာအမျိုးသမီးများသတ္တိရှင်ဆု (OWIC) ကို ၂၀၀၇ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၉၀ မှ အမျိုးသမီး ၁၉၀ ကို ဆုချီးမြှင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွက် OWIC ဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ရရှိခဲ့သည်။
OWIC ဆုကို ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး ၊ ကျား – မ တန်းတူ ညီမျှရေး နှင့် အခွင့် အရေးရရှိရေး ဆောင်ရွက်သူ မြန်မာအမျိုးသမီးများဖြစ်သည့် ဒေါ်မေစပယ်ဖြူ၊ ဒေါဖြိုးဖြိုးအောင်နှင့်နော်ကညောဖော်တို့က ရရှိထားပြီးဖြစ်သည်။
ဓာတ်ပုံ – United States Department
ပုံစာ – ၂၀၂၃ ခုနှစ် OWIC ဆုရှင် အမှုလိုက်ရှေ့နေ ဒေါ်မဉ္ဇူဝင်း
#OWIC #မြန်မာရရှိ #အမှုလိုက်ရှေ့နေ့ #Ayeyarwaddy_Times