ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ မတ် ၂ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ် ၁ ရက်နေ့အထိ ခြောက်ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယမန်နေ့ မတ်လ ၁ ရက်နေ့က အောင်သပြေကျေးရွာအနီးသို့ ဆုတ်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး တပ်သား နှစ်ဦး သေဆုံးကာ သုံး ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်းထံက သိရသည်။

“တိုက်ပွဲကဆက်တိုက်ဖြစ်နေတယ်။ နောက်ရက်တွေလည်း ဆက်ရှိနေဦးမှာပဲ။ ကျွန်တော်တို့ဘက်က စစ်ရေးအရှိန် မြှင့်တင်နေတာကြောင့် တိုက်ပွဲတွေက ဆက်ရှိ နေဦးမှာပါ။ တိုက်ပွဲအပြီးမှာတော့ အနီးအနားက တဲအိမ်တွေကို မီးရှို့သွားတယ်။ ဒါက‌တော့ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီရဲ့လုပ်ရိုးလုပ်စဥ် အတိုင်း အနားမှာရှိတဲအိမ်တွေကို မီးရှို့သွားတာ” ဟု၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်၍ အင်အား ၄၆ ဦးခန့်ဖြင့် လှည်းကူး ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦး‌မှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်‌နေ့တွင် အထိနာနေသည့်စစ်ကောင်စီတပ် အထိုင်ချ ထားသည့် စခန်းအားထပ်မံဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အထိနာ၍လှည်းကျေးရွာမှ အောင်သပြေရွာသို့ဝင်ရောက်သွားသည့် စစ်ကြောင်းနောက် သို့ လိုက်လံ၍ ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့တွင် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများ အတွင်း PDF တပ်ရင်း-၃၆၀၂၊ တပ်ခွဲ-၃ မှ ရဲဘော် တစ် ဦး ကျဆုံးခဲ့ရပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၂ ဧရာညီနောင်စစ်ကြောင်း၊ တပ်ခွဲ-၅၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF)တပ်ရင်း၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄ နှင့် ရွှေတောင်၊ပေါက်ခေါင်းပကဖ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁-PPDF) တပ်ရင်း Sniper အဖွဲ့၊ တပ်ခွဲ-၁ ပူးပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ဝတ်စုံအပြည့်စုံဝတ်ဆင်ကာ ဆိုင်ကယ် သုံးစီး နှင့် ကားတစ်စီး စီးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – ပေးပို့။
#ပေါက်ခေါင်း #၆ရက်တာတိုက်ပွဲ #စစ်ကောင်စီ #စစ်ကြောင်းထိုး #PDF #နေအိမ်မီးရှို့ #Ayeyarwaddy_Times