ဖေဖော်ဝါရီ ၁၆ ရက် မှ ၂၉ ရက်နေ့အထိ နှစ်ပတ်အတွင်း ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

စစ်ကောင်စီ အာဏာသိမ်းထားသည့်မှာ သုံးနှစ်ကျော်လာပြီဖြစ်ကာ နိုင်ငံသူ နိုင်ငံသားများ၏ စီးပွားရေး ပိုမိုကျပ်တည်းလာပြီး အထွေထွေကုန် ဈေးနှုန်းကလည်း မြင့်သည်ထက် မြင့်တက်လာနေသည်။

ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ကုန်ဈေးနှုန်းများပါ လိုက်ပါ မြင့်တက် လျက်ရှိနေပြီး စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့ရှိ ပိတ်ထားရသော နယ်စပ်စီးပွားရေးဂိတ်များ လျင်မြန်စွာ ပြန်လည်ဖွင့်လှစ် လိုနေသည်။

နယ်စပ်စီးပွားရေးဂိတ်အများစုမှာ ပိတ်ထားရသဖြင့် သွင်းကုန် ပစ္စည်းများအပါအဝင် ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် ပြည်တွင်းထုတ်ကုန်များ ဈေးတက်လျက်ရှိသည်။

ထို့ပြင်စက်သုံးဆီဈေးနှုန်းမှာ အမြင့်တွင်တည်ရှိနေပြီး ရန်ကုန်မြို့အတွင်း ဖေဖော်ဝါရီ ၂၉ ရက်နှင့် မတ်လ ၁ ရက်နေ့တွင် စက်သုံးဆီရှားပါးမှုများ ထပ်မံကြုံတွေ့နေရပြန်သည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

လက်ရှိအမေရိကန်ဒေါ်လာဈေးကွက်တွင် ပြင်ပနိုင်ငံများသို့ထွက်ခွာသူများ၍ ဒေါ်လာဈေးအနည်းငယ် အတက်၊ အကျရှိကြောင်းသိရသည်။ ထို့ပြင် ထိုင်းဘတ်နှင့် တရုတ်ယွမ် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ မြင့်တက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ယခုနှစ်ပတ်အတွင်း ကန်တစ်ဒေါ်လာလျှင် ကျပ် ၁၀ မှ ၁၅ ကျပ် မြင့်တက်နေသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာလျှင် ကျပ် ၃၅၅၀ ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ၃၆၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပြီးနောက် ပြည်ပထွက်ခွာလိုသူ၊ ပြည်ပတွင် သွားရောက်၍အလုပ်လုပ်ကိုင်လိုသူနှင့် ပြည်ပတွင် သွားရောက်၍ ပညာသင်ကြားလိုသူ လူငယ်များ ပိုများပြား လာကာ ပက်စပို့စ်လျှောက်ထားသူများနှင့် သက်ဆိုင်ရာ သံရုံးများတွင် ဗီဇာ လျှောက်ထားသူ များပြား လျက်ရှိကြောင်း သိရသည်။

“ ဒီအချိန်က ပြင်ပထွက်တာများတယ်။ ကျောင်းတက်ရာသီမလို့ ဒေါ်လာဈေး ပိုတက်တယ်။ အတက်ချည်းပါပဲ။ အရင်တစ်ရက်ကဆို တစ်ဒေါ်လာကို ၃၆၆၀ တောင်ဖြစ်သွားတယ်” ဟု ဒေါ်လာရောင်းဝယ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၉၃ ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် တစ်ယွမ် ၅၀၃ ကျပ်ဖြစ်ကာ ယွမ်းဈေးမြင့်တက်လာ ကြောင်းသိရသည်။

ထိုင်းဘတ်ငွေလဲနှုန်းထားတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၉ ဒသမ ၂ ကျပ်ရှိပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

တရုတ်နှစ်သစ်ကူးပြီးချိန်တွင် ပြန်ကျမည်ဟုခန့်မှန်းနေသော ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်တွင်သာ ငြိမ်သက်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၃၉ သိန်းကျော်ဖြစ်ကာ ယခုနှစ်ပတ်အတွင်း ကျပ်သုံးသောင်း ကျော်ဈေးမြင့်တက်လာကြောင်း ရွှေဆိုင်များထံက သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကျပ် ၃,၈၆၇,၀၀၀ သိန်းရှိရာမှ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ကျပ် ၃,၉၃၅,၀၀၀ သိန်းရှိကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“ ရွှေဈေးက တက်နေလည်း အဝယ်ရှိနေတယ်။ ရောင်းလိုက်၊ ဝယ်လိုက်ကြပဲ။ ကျပ်ငွေကို ဘယ်သူမှမကိုင်ကြဘူး။ ရွှေနဲ့ဒေါ်လာပဲကိုင်ကြတာ” ဟု ရွှေဈေးကွက်နှင့်နီးစပ်သူက ဆိုသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်ဈေးနှုန်းအမြင့်တွင်သာတည်ငြိမ်နေသည်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တို့တွက် စက်သုံးဆီရှားပါးမှုကြုံတွေ့ရပြီး တန်းစီစောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ခံယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ယခုသီတင်း နှစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၆၀၀ မှ ၂၈၀၀ ကြားတွင်ရှိကြောင်းသိရသည်။

“ ဆီဈေးက အတက်ပါပဲ။ ဒီရက်ပိုင်းဆီပြန် တန်းစီရတယ်။ ဒီကောင်တွေ ( စစ်ကောင်စီ) ဘာလုပ်လဲမသိဘူး။ ဒီရက်ပိုင်း ၉၅ နဲ့ ပရီမီယမ်ဒီဇယ် ပြတ်တာများတယ်” ဟု ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၈၅ ၊ ပရီမီယံဒီဇယ် ၂၆၂၀ ကျပ်နှင့် ဒီဇယ် ၂၆၁၀ ကျပ်ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၇၅ ၊ ပရီမီယံဒီဇယ် ၂၆၅၅ ကျပ်နှင့် ဒီဇယ် ၂၆၄၀ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

လက်ရှိအခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်စပါးဈေးနှင့် လူသုံးကုန်ပစ္စည်းများ ဈေးတက်နေပြီး စားဖိုဆောင်သီးနှံဈေးမြင့်တက်ကြောင်းသိရသည်။

စစ်ကောင်စီသည် ပို့ကုန်နှင့်သွင်းကုန်တရုတ်ပစ္စည်းများအဓိက သွင်းရာလမ်းကြောင်း ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်များ ပိတ်ထားရ၍ အခြားလမ်းကြောင်းများ ကုန်သွယ်ရေး လုပ်ငန်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

ယခုနှစ်တွင်ဆန်တင်ပို့လျော့နည်းသွားသော်လည်း ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့် ၈ ဖြစ်ကြောင်း စစ်ကောင်စီ အာဘော်သတင်းစာတွင်ဖော်ပြထားသည်။

ထို့ပြင် ဆန်တင်ပို့မှုဆယ်လအတွင်း အမေရိကန်ဒေါ်လာ ၅၇၄ သန်းရရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရသည်။

ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပ နိုင်ငံ များသို့ ဆန်တင်ပို့မှုလျော့ချမည်ဖြစ်ကြောင်း ယင်းအသင်းကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထိုသို့ ထုတ်ပြန်ထားသော်လည်း ပြည်တွင်းဆန်ဈေး ကွက်တွင် ဆန်ဈေးမြင့်မားလျက် ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ယခုနှစ်သီတင်းနှစ်ပတ်အတွင်းဆန်ဈေးအမြင့်မှာပင်ရှိပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၁၀၀၀၀ ကျပ်ကြားဈေးတက်ကြောင်း ဆန်လက်လီလက်ကားရောင်းချသူထံက သိရသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၇၀,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၄၀,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၀၀,၀၀၀ ကျပ် ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။

ထို့ပြင်ဆန်ကြမ်းအမျိုအစား ရက် ၉၀ အသစ်ဈေးနှုန်းသည့် ယခင်လ ကျပ် ၁၀၀,၀၀၀ ရှိရာမှာ ယခုလတွင် တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀ ကျပ်ရှိပြီး ဆင်းသုခ အသစ်တစ်အိတ်လျှင် ၈၆,၀၀၀ ကျပ်မှ ၈၈၀၀၀ ကျပ်ရှိကြောင်း ဆန်ရောင်းသူတစ်ဦးက ပြောကြားသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့အထိ စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ရန်ကုန်အထိုင်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၁၈၀ ကျပ်ဖြစ်ပြီး ယင်းသတ်မှတ်ချက်အတိုင်း ရောင်းချရမည်ဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီ တင်သွင်း သည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချရာနေရာများတွင် ပြည်သူများ တန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။

ယခုကာလသည် ဆောင်းရာသီကုန်ဆုံးပြီး ဖြစ်ကာ တချို့သောဆောင်းသီးနှံများ ရာသီ ကုန်ဆုံးပြီဖြစ်သည်။

နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်၍ နေ့အပူချိန်မြင့်မားလာပြီး သီးနှံစိုက်ပျိုး ရာတွင် သုံးရေရှားပါးလာတော့မည် ဖြစ်သည်။

လက်ရှိစားဖိုဆောင်သီးနှံများတွင် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့မှုများ ရှိနေသဖြင့် ကြက်သွန်နီဈေးတက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်မှ ကျပ် ၄၀၀၀ ရှိပြီး ကြက်သွန်ဖြူ (ဗမာဥ) တစ်ပိဿာ ကျပ် ၂၀၀၀၀ ဈေးဖြင့် ကျပ်နှစ်ထောင် ဈေးကျသွားကာ အာလူး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ထို့ပြင်သားငါးဈေးကွက်အတွင်း CP ကြက်ဈေးမြင့်တက်တာ တစ်ပိဿာ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်ထိဈေးတက်သွားကြောင်း ဈေးကွက်အတွင်းက သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဖေဖော်ဝါရီ၁၆မှ၂၉ရက်နေ့အထိ #Ayeyarwaddy_Times