မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

ရှမ်းမြောက်ရှိ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီက တပ်မ-၉၉ လက်အောက်ခံတပ်များကို တပ်ဖြန့်၍ စစ်ရေး‌ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်မ- ၉၉ လက်အောက်ခံ ခလရ-၇၉၊ ခမရ-၄၁၉၊ ခမရ -၄၂၀ နှင့် ခမရ-၄၂၁ တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ မိုးကုတ် မြို့နယ်ရှိ တပ်စခန်း၊ ကင်းစခန်းများသို့ တပ်ဖြန့်ပို့ ဆောင်ထားပြီး ခံစစ်ပြင်ဆင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် မဟာမိတ်အဖွဲ့များ သိမ်းပိုက်ထားသည့် မိုင်းငေါ့နှင့် မိုင်းလုံမြို့များသို့လည်း အဆိုပါတပ်ရင်းများမှ အင်အားတချို့ကို ခွဲ၍ပို့ဆောင်ထားကြောင်းလည်း သိရသည်။

“ရှမ်းမြောက်မှာတော့ စစ်ကောင်စီက တပ်ပြင်နေပြီ။ သူပြင်နေပုံထောက်ရင် ရှမ်းမြောက်စစ်ပွဲတွေ ပြန်ဖြစ်လာ မှာ စိုးရိမ်ရပါတယ်။ ဒီတစ်ခါဖြစ်ရင်တော့ ပြင်ဦးလွင်ထိဆင်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ ပြင်ဦးလွင်မှာလည်း စစ်တပ်က ရွာတွေဘက်ထိဆင်းပြီး နေ့တိုင်းလိုလို စစ်ဆေးရေးလုပ်နေတယ်။ တပ်ပြေးလား၊ PDF တွေ၀င်တာလား တစ်ခုခုပဲ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် မဟာမိတ်အဖွဲ့များ အင်အားသုံးစုဖွဲ့၍ နေရာယူထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက နောင်ချိုသို့ လက်နက်ကြီးဖြင့် ရက်အတန်ကြာပစ်ခတ်ခဲ့သည်။

ရှမ်းမြောက်စစ်ပွဲများ ခေတ္တရပ်တန့်နေခဲ့သော်လည်း ရှမ်းတောင်တွင် လွိုင်လင်မြို့မှ ဟိုပုံးမြို့သို့ စစ်ကူတက်လာသည့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၂၅၊ ခမရ-၅၆၉၊ ခမရ-၅၇၆ စုပေါင်းယာဉ်တန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းတောင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည်လည်း PNLA နှင့်ပူးပေါင်း၍ တိုက်ပွဲ၀င်လျက်ရှိသောကြောင့် ရှမ်းတောင်မှ ‌ရှမ်းမြောက်သို့ စစ်ရေးများကူးစက်လာမည်စိုး၍ ယခုကဲ့သို့ မိုးကုတ်၊ မိုင်းလုံနှက့် မိုင်းငေါ့မြို့များသို့ တပ်အင်အားဖြန့်ကျက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

#ရှမ်းမြောက် #မိုးကုတ် #မိုင်းလုံ #မိုင်းငေါ့ #တပ်မ၉၉ #လက်အောက်ခံတပ်များ #တပ်ဖြန့် #Ayeyarwaddy_Times