
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ရက်
နယ်မြေများဆုံးရှုံးနေသည့်အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီက စစ်တပ်အချင်းချင်းတိုက်မနိုင်၍ အပြစ်မဲ့ ပြည်သူများ နှင့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေကြောင်း ရက္ခိုင်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
ထိုသို့ပြုမူမှုများနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်များအနေဖြင့် သေချာပေါက်စစ်ရှုံးနေပြီဖြစ်သည့်အတွက် ကိုယ့်ဂုဏ်သိက္ခာကို မငဲ့ကွက်လျှင်တောင် ရှင်ကျန်ရစ်ခဲ့မည့် သား၊ သမီး၊ မြေး၊ မြစ်တို့အတွက် ဂုဏ်သိက္ခာချန့်ခဲ့ဖို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာစာမျက်နှာမှ တဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့နံနက် ပိုင်းတွင် ၎င်း၏ တွစ်တာစာမျက်မှတဆင့် “ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကိုလေးစားပါတယ်။ လူကြီးမင်းတို့ကသေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့ တစ်ခုတည်းသော အကောင်းဆုံး ရွေးချယ်စရာဖြစ်ပါလိမ့်မယ်” ဟု စစ်ကောင်စီအသိုင်းအဝိုင်းကို သတိပေးပြောဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျောက်ဖြူလေဆိပ်တွင် လူငယ်အများစုပါဝင်သည့် ပြည်သူ ၆၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကလည်း စစ်တွေလေဆိပ်တွင် ပြည်သူ ရာကျော်ကို ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
ထို့အပြင် ရန်ကုန်မှ ရခိုင်သို့ပြန်သည့် ကားသုံးစီးကိုတား၍ ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုတွင် လူငယ် ၁၀၀ နီးပါးကို အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်၍ စစ်ဆေးမေးမြန်းနေမှုများနှင့် ပတ်သက်၍လည်း စစ်ကောင်စီကို ဝေဖန်ထောက်ပြပြောဆိုထားသည်။
“တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာအပြစ်မှမရှိတဲ့ အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုးမိုက်တွင်းနက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ်က ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။
လက်ရှိတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရမ်းဗြဲနှင့် ရက္ခိုင့်တပ်တော် AAသိမ်းပိုက်ထားသည့် မင်းပြားမြို့တို့ကို လေကြောင်းမှ ပေါင် ၅၀၀ဗုံးများပါကြဲချ၍ မြို့ပျက်သဖွယ်ဖြစ်အောင် ဖျက်ဆီးလျက်ရှိပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က ရမ်းဗြဲမြို့ကို ပေါင်၅၀၀ဗုံးများကြဲချခဲ့သည့်အတွက် ကျက်သရေရပ်ကွက်ရှိ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ-AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်
#AAစစ်ဦးစီးချုပ် #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #စစ်ကောင်စီ #သတိပေး #Ayeyarwaddy_Times