
နွေဦးမောင်/ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ရက်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် အခိုင်မာ ခံစစ်ပြင်ကာ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်ကို စစ်ကူရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ရက္ခိုင့်တပ်တော် (AA)၏ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများရရှိခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၃၆ နှင့် နေပြည်တော်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ -၃၇၃ တပ်ရင်း နှစ်ရင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစတင်၍ ရဟတ်ယာဥ် လေးစင်းဖြင့် ခုနစ်ကြိမ်ခွဲ၍ စစ်ကူပေးပို့ရာတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“၂၄ ရက် နေ့နဲ့ ၂၅ ရက်နေ နှစ်ရက်ဆက်တိုက် စစ်ကူပို့တာ။ မနေ့ကချတဲ့ စစ်ကြောင်းတွေကတော့ ကုန်သလောက်ပဲ။ စစ်တပ်ဘက်က စုစုပေါင်း ၆၀ ကျော် သေတယ်။ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိတယ်။ လွတ်မြောက် နေတဲ့သူ တွေလည်းရှိသေးတယ်။ သိမ်းစီးမိထားတဲ့ ယူနီဖောင်းတွေထဲမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့် စစ်တပ်ယူနီဖောင်းတွေ လည်းပါတယ်” ဟု မြေပြင်ရှိတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရမ်းဗြဲရှိ စစ်ကောင်စီတပ်သည် စခန်းများကို အခိုင်အမာလုပ်ဆောင်ကာ မြေကျင်းများ တူး၍ မဆုတ်တမ်း ခံစစ်ပုံစံမျိုးပြင်ထားပြီး စစ်ကောင်စီက လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် အင်အားဖြည့်တင်းခြင်းများကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“မြေပြင်မှာက စစ်ကောင်စီတပ်အလောင်းတွေ ပုံထပ်နေတယ်။ လွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းနေတယ်။ လေယာဥ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်နေတဲ့ ကြားက စစ်ကူလာတဲ့စစ်ကြောင်းကိုချေမှုန်းနိုင်ခဲ့တာ” ဟု မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစတင်၍ ရမ်းဗြဲမြို့သို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်စဉ် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ
#ရမ်းဗြဲမြို့ #အခိုင်အမာခံစစ်ပြင် #ခြေကုပ်ယူ #စစ်ကောင်စီတပ် #စစ်ကူ #တိုက်ခိုက်ခံရ #၆၀ကျော်သေဆုံး #Ayeyarwaddy_Times