ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းမြို့က လူနေအဆောက်အအုံ မီးလောင်မှုမှာ လူ (၁၅) ဦးထက်မနည်း သေဆုံးပြီး (၄၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့အစောပိုင်းမ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကနဦး စုံစမ်းစစ်ဆေးမှုအရ လျှပ်စစ်စက်ဘီး တွေထားရှိရာ အဆောက်အအုံရဲ့ ပထမထပ်မှာ မီးလောင်ကျွမ်းမှု စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အဆောက်အအုံဟာ ရှန်ဟိုင်းမြို့တော်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ (၂၆၀) ခန့်အကွာ လူဉီးရေ (၈) သန်းကျော် နေထိုင်ရာ နန်ကျင်းမြို့တော်၊ ယုဟွာတိုင်ခရိုင်မှာ တည်ရှိပါတယ်။

သောကြာနေ့ မနက် (၆) နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး နေ့လည် (၂) နာရီဝန်းကျင်မှာ ရှာဖွေရေးနဲ့ ကယ် ဆယ်ရေးလုပ်ငန်း ပြီးစီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်ကား (၂၅) စင်းနဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

တရုတ်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာ ညလယ်အချိန် အထပ်မြင့်အဆောက်အအုံတစ် လုံး မီးလောင်ကျွမ်းနေပြီး မီးခိုးမည်းတွေ ထွက်ပေါ်နေတာ မြင်တွေ့ရပါတယ်။

ဒဏ်ရာရရှိသူ (၄၄) ဦးကို ဆေးကုသမှုခံယူဖို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဉီးက အရေးပေါ်အခြေအနေ ဖြစ်ကာ နောက်တစ်ဉီးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဘေးအန္တရာယ်ကင်းမှု စံနှုန်းတွေ ညံ့ဖျင်းမှုကြောင့် တရုတ်နိုင်ငံမှာ မီးလောင်ကျွမ်းမှုတွေနဲ့ လူသေဆုံးမှုရှိ တဲ့ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

ကိုးကား – AFP
Ref; At least 15 killed in residential building fire in east China’s Nanjing

#Ayeyarwaddy_Times