ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အီရန်နိုင်ငံကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ယီမင်နိုင်ငံအနီးမှာ အမေရိကန်စစ်တပ်ရဲ့ Mq-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ရာ ပြီးခဲ့တဲ့လတွေအတွင်း ဒုတိယအကြိမ် ဒရုန်းတစ်စင်း ပစ်ချခံရတာလို့ အမေရိကန် တာဝန်ရှိသူနှစ်ဉီးက ပြောကြားလိုက်ပါတယ်။
ဆယ်စုနှစ်တစ်ခုနီးပါးကြာ ယီမင်နိုင်ငံရှိ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ နိုဝင်ဘာလ နောက်ပိုင်း ပင်လယ်နီနဲ့ ဘတ်အယ်လ်မန်ဒက်ဘ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတွေ၊ စစ်သင်္ဘောတွေကို ဒ ရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက ဟူသီအဖွဲ့ရဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ကာ လက်တုံ့ပြန်ခဲ့ ပေမယ့် အဆိုပါအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခြင်းမရှိသေးပါဘူး။
ဟိုဒေဒါမြို့အနီးမှ ပစ်ခတ်တဲ့ ဟူသီအဖွဲ့ရဲ့ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်တစ်စင်းက အမေရိကန်ဒရုန်းကို ပစ်ချခဲ့တာလို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက အတည်ပြုပါတယ်။
နိုဝင်ဘာလအတွင်းကလည်း Mq-9 ဒရုန်းတစ်စင်းကို ဟူသီအဖွဲ့က ပစ်ချခဲ့သလို ၂၀၁၉ ခုနှစ်ကလည်း ဟူသီအဖွဲ့က ဒရုန်းနှစ်စင်းကို ပစ်ချခဲ့ပါသေးတယ်။
အေဒင်ပင်လယ်ကွေ့အတွင်း Rubymar ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ရာ အဆိုပါသင်္ဘောက နစ်မြုပ် တော့မယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
အနောက်နိုင်ငံတွေက ယီမင်နိုင်ငံမှာ ဟူသီအဖွဲ့ကို တိုက်ခိုက်မှုတွေ ပြုလုပ်နေလင့်ကစား အစ္စရေးနိုင်ငံ က ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ချိန်အထိ အစ္စရေးနဲ့ဆက်စပ်တဲ့ သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်မယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
ကိုးကား – Reuters
Ref; US military drone shot down near Yemen, US officials say