မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်ဥပဒေကို ပြဋ္ဌာန်းပြီး နောက် ၎င်းဥပဒေကိုအကြောင်းပြ၍ စစ်ကောင်စီတပ် ဖွဲ့၀င်အချို့က လူငယ်၊ လူရွယ်များကိုဖမ်းဆီးပြီး ငွေ တောင်းခံမှုများ ပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ဧည့်စာရင်းစစ်ဖမ်းဆီးမှုများနှင့် နေ့အချိန်များတွင်ပါ လှုပ်ရှားသွားလာလျက်ရှိသည့် လူငယ်၊ လူရွယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီး၍ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ရန်ကုန်မြို့နေပြည်သူများထံက သိရသည်။

ထိုသို့ ဖမ်းဆီးမှုများကို ရန်ကုန်မြို့အပြင် စစ်ကောင်စီ အုပ်ချုပ်ခွင့်ရနေသည့် နယ်မြေများ တွင်ပါ ပြုလုပ်လျက်ရှိနေပြီး ၎င်းတို့တောင်းဆိုသည့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း အချက်အလက်များရှိနေပါက ငွေကြေးရယူ၍လွှတ်ပေးပြီး အထောက်အထားခိုင်လုံစွာ မပြနိုင်ပါက ဆက်လက်ဖမ်းဆီးထားကာ မိသားစု၀င်များနှင့်အဆက်အသွယ် ဖြတ်ထား ခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၇ နာရီခန့်က Delivery သွားရောက်ပို့ဆောင်သည့် အသက် ၂၀ ၀န်းကျင်လူငယ်တစ်ဦးကို ရန်ကုန်မြို့လယ်၌ ဖမ်းဆီးခေါ်ဆောင်သွားပြီး အထောက်အထား ခိုင်လုံစွာပြနိုင်သော်လည်း ငွေကြေး တောင်းယူပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်မမောင်လေး ဒယ်လီ(delivery) ပို့နေရာကနေ ရန်ကုန်မြို့လယ်ကြီးမှာ အဖမ်းခံရတယ်။ သူတို့လာထုတ်ဆိုတဲ့နေ ရာကိုသွားတော့ မှတ်ပုံတင်ရော၊ သန်းခေါင်စာရင်းရောအကုန်ပြနိုင်တယ်။ အချက်အလက်စုံနေတော့ ဒယ်လီယူနီဖောင်း ၀တ်မထားလို့ဆိုပြီး တစ်သိန်းပေး လိုက်ရတယ်။ အဲဒီတော့မှ ပြန်လွှတ်ပေးတယ်”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ထိုကဲ့သို့ အလားတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် အသက် မပြည့်သေးသော လူငယ် ခြောက် ဦးကို စားသောက်ဆိုင်အတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်လျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါလူငယ် ခြောက် ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က ပုဗ္ဗသီရိမြို့နယ်ရှိ စား သောက်ဆိုင်တစ်ခုတွင် အရပ်၀တ်ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရ သူများမှာ အသက် ၁၆ နှစ်အရွယ်သာရှိသည့် မောင်ထွန်းဦး၊ မောင်ခန့်ညားအောင်၊ မောင်ရန်လင်းအောင်၊ မောင်သက်နောင်ထွန်းတို့နှင့် အတူ လူငယ်နှစ်ဦးပါ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညပိုင်း ၁၁ နာရီအချိန်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်လည်း လူငယ်နှစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသားသုံးဦးကို ဧည့်စာရင်းအကြောင်းပြ၍ အိမ်ထဲအထိ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော် မင်းထွန်းက အဆိုပါစစ်မှုထမ်း ဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး နယ်မြေလုံခြုံရေးအရ တာ၀န်ရှိ သူများမှ ဧည့်စာရင်းစစ် ဆေးမှုများရှိနေပြီး မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မရှိပါက ဖမ်းဆီးမှုများရှိသည်ဟု ၎င်းတို့ရုပ်သံမီဒီယာမှနေ၍ ၀န်ခံပြောဆိုထားသည်။

ပုံစာ- ရန်ကုန်မြို့တွင်းတွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#စစ်မှုထမ်းဥပဒေ #စစ်ကောင်စီတပ် #လူငယ်များဖမ်းဆီး #ငွေညှစ် #Ayeyarwaddy_Times