ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာဟာ မကြာသေးမီက ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ လက်ရှိ မြန်မာ့အခြေအနေ၊ ဒေသတွင်းတုံ့ပြန်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သူ့ရဲ့တင်ပြ ချက်ကို ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ထိုစဉ်က ဖော်ပြခဲ့ပါတယ်။

အပေါ်ယံကြည့်ရင် ပန်ပရီးရဲ့ စကားတွေက ပါဝင်ပတ်သက်သူ အင်အားစုတွေအတွက် လက်တွေ့ကျ တယ်လို့ဟု ထင်ရပေမယ့် ထိုစကားများက ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို တရားဝင်ဖြစ်အောင် ကျား ကန်ကူညီပေးရုံမျှသာရှိပြီး ပြီးခဲ့သော သုံးနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ ပကတိအရှိတရား အခန်းကဏ္ဍကိုလည်း မျက် ကွယ်ပြုနေပါတယ်။

ဝန်ကြီးပန်ပရီးရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုများက အထူးပင် စိတ်အနှောင့်အယှက် ဖြစ်စ ရာပါ။ အရပ်သား ၂၀၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီလို့ ယုံကြည်ရတဲ့ မြန်မာ့ပြည်တွင်းစစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုများက သုံးနှစ်နီးပါး တာရှည်လာခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂ သန်းနီးပါး ရှိလာခဲ့ပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်တွေရှိခဲ့ပေမယ့် ဝန်ကြီးပန်ပရီးက စစ်ကောင်စီနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အခုလို တရားဝင် အ သိအမှတ်ပြုရန် ဆက်လက်လုပ်ဆောင်ခြင်းမှာ လွန်လွန်ကျူးကျူးပင် မသင့်လျော်တဲ့လုပ်ရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှင့် စီးပွားရေး တိုးတက်မှုဟာ ယခုအခါ ပြို လဲသွားပြီဖြစ်သလို ရှေ့အနာဂတ်တွင်လည်း ဤအကျပ်အတည်းကြီးက အဆုံးသတ်ဖွယ် မရှိပေ။ ဝန်ကြီးပန်ပရီး က ယခုကဲ့သို့ အဘယ်ကြောင့် ဖြစ်ပွားရပြီး မည်သူ့တွင် တာဝန်ရှိသနည်း ဆိုတာကို ထောက်ပြဖို့ ပျက်ကွက်ခဲ့ပါ တယ်။
ဒီမိုကရေစီ၊ လူ့အသိုက်အဝန်းနှင့် လူ့အသက် သန်းပေါင်းများစွာ ပျက်သုဉ်းရခြင်းရဲ့ တစ်ခုတည်းသော အ ကြောင်းရင်းက မြန်မာစစ်အစိုးရဖြစ်ပါတယ်။ ထိုအချက်ကို လက်ခံရန် ငြင်းဆန်နေတဲ့ ထိုင်းအစိုးရသည်လည်း အများယုံကြည်လက်ခံနိုင်စွမ်းကို ကိုယ်တိုင်ဖျက်နေခြင်းသာ ဖြစ်ပါတယ်။ ပန်ပရီးဟာ မြန်မာ့ပဋိပက္ခကို မနက် ဖြန်အဆုံးသတ်၍ရသည် ဆိုသောအချက်ကို မျက်ကွယ်ပြုခြင်းဖြစ်ပါတယ်။

စစ်ကောင်စီအနေဖြင့် နိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေခြင်းကို ရပ်တန့်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရကို အာဏာပြန်အပ်နှင်းကာ သူ့ဘက်က ငြိမ်းချမ်းရေး ဖော် ဆောင်ရနိုင်ပါတယ်။ ပဋိပက္ခကြီးများမှာ ဖြစ်လေ့ရှိသည့်အတိုင်း မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင် ကွင်းဖြစ်လာမည်ကို စိုးရိမ်ရမှုသည်လည်း ကျိုးကြောင်းဆီလျော်သည့်အချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သဘာဝသယံဇာတများ ကြွယ်ဝသည့်အပြင် အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ် ဆက်ထားသည့် နေရာတွင်ရှိပြီး အပြန့်ကျယ်လှသော ပင်လယ်ပြင်ကြီးနှင့် ထိစပ်နေသည်ဖြစ်ရာ ဒေသတွင်း အင် အားကြီးနိုင်ငံများအတွက် အထူးအရေးပါတဲ့ အနေအထားတွင် ရှိနေပါတယ်။ ထိုအနေအထားတွင် ထိုင်းနိုင်ငံဟာ အာဏာသိမ်းမှု ပေါ်ပေါက်ချိန်တည်းက ပွဲခင်းတွင် ပါဝင်လှုပ်ရှားနေသူဖြစ်ပြီး သာမန်ကာလျှံကာ ကူညီပံ့ပိုးမှု ထက် ပိုမိုကျော်လွန်၍ ပါဝင်လျက်ရှိပါတယ်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်တွေ၊ စစ်ရေးကိရိယာတွေနဲ့ ကုန်ကြမ်းတွေကို မြန်မာစစ်တပ်ထံ တင်ပို့ခဲ့ပါတယ်။ မြန်မာစစ်တပ်က အဆိုပါပစ္စည်းများ ကို မြန်မာလူထုအပေါ် ပုံစံမျိုးစုံဖြင့် ဆင်နွှဲနေတဲ့ စစ်ပွဲတွင် အသုံးပြုခြင်းဖြစ်ပါတယ်။ ထိုင်းစစ်တပ်သည်လည်း မြန်မာဘက်မှ ဝင်ရောက်လာသော မခန့်မှန်းနိုင်တဲ့ များပြားသော ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံလာသူတွေကို နောက်ပြန်လှည့်ခိုင်းခြင်းဖြင့် မြန်မာစစ်ကောင်စီကို အားပေးကူညီခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ သူတွေကို နေရပ်ပြန်ခိုင်းပါက စစ်အာဏာရှင်လက်ထဲ၌ အသက်ဆုံးပါးရခြေရှိသည်ကို သိသိကြီးနဲ့ အင်အားသုံးပြီး ပြန်ခိုင်းခြင်းဖြစ်ပါတယ်။

ပန်ပရီးက လူသားချင်းစာနာမှုအကူအညီ တိုးမြှင့်ထောက်ပံ့ဖို့ နိုင်ငံများအကြား ပူးတွဲဆောင်ရွက်ချက် တစ်ရပ် စတင်ရန် လိုအပ်တယ်ဟု ပြောဆိုပါတယ်။ ထိုကဲ့သို့သော လူသားချင်းစာနာမှုအကူအညီများနှင့် နယ်စပ် ဖြတ်ကျော် ကူညီထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်စွမ်းရှိတဲ့ NGO တွေ၊ CSO တွေ အမြောက်အမြား ရှိနေပါတယ်။ ထိုင်း အစိုးရက ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများကို နှစ်ပေါင်းများစွာ ဟန့်တားနေခဲ့ခြင်းဖြစ်ပါတယ်။

ဒေသခံအဖွဲ့အစည်းများက နယ်စပ်တလျှောက် အကူအညီ လိုအပ်နေသူများကို ထောက်ပံ့ရေးအတွေ့ အ ကြုံရှိထားသူများ၊ ၎င်းတို့ကိုယ်တိုင်သည်လည်း ယခုလို ကူညီထောက်ပံ့မှု လိုအပ်နေသည့် လူနည်းစု တိုင်းရင်း သားအုပ်စုတွေ ဖြစ်ပါတယ်။ ထိုဒေသခံ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ နိုင်ငံစုံပူးတွဲဆောင်ရွက် ချက်ကို မည်သို့ ထိရောက်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။

ပန်ပရီးက ယခုကဲ့သို့ လူသားချင်းစာနာမှုအကူအညီများမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးသို့ ဦးတည် သွားနိုင်သည်ဟု မျှော်လင့်နေပါတယ်။ တကယ်တမ်းတွင်မူ စာနာမှုအကူအညီတွေကို ထိရောက်လုံခြုံစွာ ပေးနိုင် ရေးအတွက် အပစ်အခတ်ရပ်စဲဖို့ လိုအပ်နေခြင်းဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ ကျန်းမာရေး ပြုစုစောင့် ရှောက်မှုနဲ့ အကူအညီတွေ လိုအပ်နေအချိန်မှာ အကြမ်းဖက်ခံရမှုကို တောက်လျှောက် ကြုံတွေ့နေကြရသည် မှာလည်း သုံးနှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ချက်ချင်းအပစ်ရပ်စဲရေး သဘောတူညီမှုရအောင် ဖိ အားပေးနိုင်ခြင်းမရှိရင် လိုအပ်သူတွေကို ထောက်ပံ့မယ့် မပြောပလောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဟာ ပုဆိန်နှင့် ပေါက်ရမည့်အရာကို အပ်နှင့်ထွင်းသကဲ့သို့သာ ရှိလာနိုင်ပါတယ်။

ခြုံငုံပြောရပါက ထိုင်းအစိုးရဟာ ဦးစားပေးအလွဲများ ချမှတ်နေခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစရှိတဲ့ အတိုက်အခံများ ရှိ နေသည်ကို လျစ်လျူရှုပြီး ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် နိုင်ငံရေးအောင်မြင်မှု ရယူနိုင်မည့် ပိုမိုကြီးမားသော မြင် ကွင်းကို မေ့လျော့ထားပါတယ်။

ထိုင်းအစိုးရကသာ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်လိုရင် အတိုက်အခံ အင် အားစုများကိုပါ တူညီသော အချိန်နှင့်အခွင့်အခါပေး၍ ဆွေးနွေးတဲ့ မျှခြေတစ်ရပ် ရှိရပါမယ်။ သို့မဟုတ်ပါက ဆွေး နွေးမှုတွေက သဲထဲရေသွန်သာ ဖြစ်နေလိမ့်မယ်။

ပြီးခဲ့တဲ့လတွေအတွင်း အတိုက်အခံအင်အားစုဟာ သိသာသောရလဒ်များ ဆောင်ကြဉ်းနိုင်ခဲ့ကာ အကျပ် အတည်းကြီးကို ရှောင်လွဲမရသည့် နိဂုံးနဲ့ ပိုမိုနီးစပ်သွားစေခဲ့ပါတယ်။ အတိုက်အခံတွေရဲ့ အားထုတ်မှုတွေနဲ့အတူ ထိုင်းနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အဓိကပန်းတိုင်သည်လည်း ရန်လိုမုန်းတီးမှုများ ချက်ချင်းအဆုံးသတ်စေ ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်နည်းကျ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်တွန်းပို့နိုင်ရေး ဖြစ်သင့်ပါတယ်။

ဗန်ကောက်ပို့စ်သတင်းစာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အ မတ်များ ဘုတ်အဖွဲ့ဝင် (APHR) ကာဆစ်ပီရိုမြ ရေးသားထားတဲ့ A wrong approach on Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times