ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် မဆုတ်တမ်းခံစစ်နှင့် ဆုတ်ခွာစစ်များကို အမျိုးမျိုး စီမံချက်များရေးဆွဲပြီးနောက် ယခုရက်ပိုင်းအတွင်းတွင်ပင် “ရမ္မာဝတီ ၊ စစ်တွေ အသိမ်းမခံရရေး” စီမံချက်ကို စစ်ကောင်စီက ပြန်ပြင်ရေးဆွဲနေကြောင်း သိရသည်။

မြို့တော်စစ်တွေရှိ တပ်မိသားစုဝင်များနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သ‌င်္ဘောများဖြင့် ရွှေ့ပြောင်းပြီးနောက် စစ်ကောင်စီက မဆုတ်တမ်းခံစစ်မှ ခွာစစ်၊ ယခုအခါ ခွာစစ်မှ အသိမ်းမခံရရေး စီမံချက် ရမ္မာ၀တီ(ရမ်းဗြဲ) နှင့် စစ်တွေအသိမ်းမခံရရေး ကို ပြန်ပြင်ဆွဲလျက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အခုက အတော်ဂယောက်ဂယက်ဖြစ်နေတာ။ တစ်လအတွင်းကို စီမံချက်က ပြောင်းတာ သုံးခုရှိနေပြီ။ အခု အသိမ်းမခံရရေး စီမံချက်ကလည်း စောင့်ကြည့်ရမှာပဲ။ အဘတို့က စစ်တွေ ဒကစကို ဒုတိယလောက်ကိုင် ဒကစအဖြစ်မျိုး အဖြစ်ခံလို့မရဘူးဆိုပြီးပြောထားတယ်။ စီမံချက်ကတော့ပြန်ပြင်ဆွဲနေတယ် အသေးစိတ်ညွှန်ကြားချက်တွေတော့ မရသေးဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့က ရက္ခိုင့်တပ်တော် (AA)က မြို့တော်စစ်တွေရှိ စစ်ကောင်စီထံသို့လက်နက်ချအညံ့ခံရန် နှင့် အညံ့မခံပါက ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ပြီး ယခုဖေဖော်ဝါရီ လကုန်ထိ အချိန်ပေးမည့် အကြောင်းကို စာပို့ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ စာပို့ခံရပြီးနောက် စစ်ကောင်စီက စစ်တွေရှိ ရဲမေများကိုပါ သေနတ်ပစ်သင်ပေးနေပြီး AA ရောက်လာပါက အသက်စွန့်ပြီးခံပစ်ရန် မှာကြားထားကြောင်းသိရသည်။

ထို့အပြင် AA ဝင်ရောက်တိုက်ခိုက်လာပါက စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာများကိုမီးရှို့ဖျက်ဆီးပစ်ရန် ညွှန်ကြားချက်များရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီက ​နေ့စဥ်အင်အားပြထွက်​နေသည့် တင့်ကားနှင့် စစ်အင်အားအပြည့်ကားများလည်း အင်အားထွက်ပြခြင်းမရှိ​တော့​ကြောင်း သိရသည်။

စစ်တွေရှိ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်က ဖြတ်တောက်လိုက်ပြီး ယခင်ကအသုံးပြု၍ရနေသည့် မိုင်တဲလ်လိုင်းများပါ လက်ရှိတွင် အသုံးပြု၍မရတော့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ စစ်ရေးအရှိန်ပြင်းထန်နေသည့် ‌နယ်မြေများမှ စစ်ရှောင်များသည်လည်း စစ်တွေသို့ လာရောက်တိမ်းရှောင်နေကြပြီး စစ်တွေမှ ဒေသခံများကလည်း စစ်ရေးစစ်တွေသို့ရောက်ရှိလာမည်ကို စိုးရိမ်ပြီး ရန်ကုန်နှင့် နေပြည်တော်သို့ လေယာဉ်ဖြင့် တိမ်းရှောင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်တစ်ခုလုံးကို ကုန်းလမ်း၊ ရေလမ်းများပိတ်ဆို့ထားသည့်အတွက် အခြားပြည်နယ်များကို စစ်ရှောင်လိုပါက လေကြောင်းတစ်ခုသာအသုံးပြု၍ရပြီး လမ်းကြောင်းအားလုံးကို ထိန်းချုပ်ထားသည့်အတွက် ကုန်ဈေးနှုန်းများမှာလည်း ရန်ကုန် ကုန်ဈေးနှုန်းထက် သုံးဆခန့်မြင့်တက်လျက်ရှိကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေရှိ ငါးဖမ်းသင်္ဘောများကိုပါ ပေးမထွက်တော့သည့်အတွက် အသား၊ငါးများပါ ရှားပါးလျက်ရှိကာ စစ်တွေမြို့ခံပြည်သူများ ခက်ခဲလျက်ရှိကြောင်း သိရသည်။

#စစ်တွေမြို့ #မဆုတ်တမ်းခံစစ် #ဆုတ်ခွာစစ် #အသိမ်းမခံရရေးစီမံချက် #စစ်ကောင်စီ #ပြင်ဆင်ရေးဆွဲ #Ayeyarwaddy_Times