ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဩဂုတ်လ ၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စာသင်ကျောင်းလုံခြုံရေးအကြောင်းပြပြီး ကင်းချထားတဲ့ စစ်ကောင်စီ သတင်းပေးလုပ်သူတွေက ကျောင်းမှာအရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတာတွေပြုလုပ်နေတယ် လို့ဒေသခံတွေကထံက သိရပါတယ်။
စစ်ကောင်စီသတင်းပေးအများစုဟာ နေ့ခင်းဘက်မှာ ကျောင်းလုံခြုံရေးစောင့်ပြီး မသင်္ကာတဲ့သူတွေကို ပိုက်ဆံ တောင်းကာ ညဘက်မှဦ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတာတွေပြုလုပ်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။
“ အဆိုးဆုံးကတော့ အထက ၁ ကျောင်းမှာစောင့်တဲ့ ဒလန်တွေက အဆိုးဆုံးဖြစ်နေတာ ညဘက်ဆို ကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်သွားလိုက် ပြန်လာရင် အော်ဟစ်ဆဲဆိုလိုက် ညဉ့်နက်လေပိုဆိုးလေဖြစ်နေတာ”လို့ ကျောင်းသားမိဘတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စာသင်ကျောင်းမှာစောင့်တဲ့ စစ်ကောင်စီသတင်းပေးတွေဟာ ညပိုင်းမှာသောက်စားမူးရမ်းကားတဲ့အပြင် မနက်ပိုင်းမှာလည်း ကျောင်းဖွင့်ချိန်မှာ ကျောင်းဝန်းထဲ အရက်ပုလင်းထောင်ပြီး သောက်စားတာမျိုးတွေ ပြုလုပ်နေတာကြောင့် ကျောင်းဂုဏ်သိက္ခာနဲ့မလျော်ညီဘူးလို့ ဆိုပါတယ်။
ညဘက်အရက်သောက်ပြီး မနက်ဘက်ဆို ကျောင်းလာပို့တဲ့ မိဘတွေထဲက အချို့ကို စစ်ဆေးတာတွေ ပြုလုပ်ပြီး ငွေတောင်းတာတွေလုပ်ကာ ညပိုင်းမှာ အရက်ဝိုင်းပြန်ပြုလုပ်နေတာလို့ ဒေသခံကျောင်းသား မိဘ တွေကပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီသတင်းပေးတွေက မအူပင်မြို့က လောင်းကစားဒိုင်တွေကိုလည်း ငွေတောင်းခံပြီး ရဲနဲ့ ပေါင်းစားတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။