မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

စစ်ခေါင်းဆောင်က စစ်ရင်ဆိုင်နေရသည့် နေရာများတွင် နယ်မြေများဆုံးရှုံးပြီး စစ်ရေးသတင်းများပေါက်ကြားမှုများလာသည့်အတွက် တွဲဘက်စစ်ရေး ချုပ်နှင့် ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ် ရာထူးများအပါအ၀င် ခေါင်းဆောင်ပိုင်းရာထူး ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသက်တမ်း ၆ လတိုးကြောင်း ကြေညာပြီး နောက် စစ်ခေါင်းဆောင်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများကို ပြုလုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ရာထူးနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ရာထူးအပြောင်းအလဲပြုလုပ်ရာတွင် တွဲဘက်စစ်ရေး ချုပ်အပါအ၀င် ခြေမြန်တပ်မဌာနချုပ်(ခမရ)၊ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)များ၏ ထိပ်ပိုင်းရာထူးနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြောင်းအလဲပြုလုပ်ခဲ့သည့် တိုင်းဒေသများမှာ ယခုစစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ စစ်ဗျူဟာမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး) များဖြစ်ပြီး ဒုတိယဗိုလ်မှူး ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အထိ အပြောင်းအလဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ခြေမြန်တပ်မဌာနချုပ်များအပြောင်းအရွှေ့ များအနေဖြင့် အမှတ် ၁၁၊ ၃၃၊ ၅၅ နှင့် ၁၀၁ တို့မှ တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများကိုလည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်များဘက်သို့ ရွှေ့ ပြောင်းခဲ့ကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်ရွှေကို တွဲဘက်စစ်ရေးချုပ်အဖြစ်ခန့် အပ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ဗိုလ်မှူးချုပ် ကျော်သူရအေးကို ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

တနိုင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း-ဒကစ) မှ ဒုဗိုလ်မှူးကြီး အောင်ကိုသွင်ကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ်((ကလေး-ဒကစ) မှ ဒုဗိုလ်မှူးကြီး လှိုင်မြင့်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းစစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

#စစ်ခေါင်းဆောင် #ဒကစမှူး #စစ်တိုင်းမှူး #တပ်မတော် #စစ်ဆေးရေးအရာရှိချုပ် #အရာရှိထိပ်ပိုင်း #၂၀ကျော် #ပြောင်းလဲခန့်အပ် #Ayeyarwaddy_Times