
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီနှင့်ရက္ခိုင့် တပ်တော် (AA) ဖြစ်ပွားခဲ့သည့် တောင်ပြိုလက်ယာနှင့် တောင်ပြိုလက်ဝဲဗျူဟာ ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်းများအသိမ်းခံခဲ့ရသည့်အတွက် စစ်ကောင်စီက မောင်တော မြို့ပတ် ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၄ရက်နေ့မှစ၍ စခန်းသိမ်းနိုင်ခဲ့သည့် ဖေဖော်ဝါရီ ၆ရက်ထိ စစ်ကောင်စီက မေယုတောင်ကြောတဝိုက်နှင့် မောင်တောမြို့နယ်အတွင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကို ကြောက်ရွံ့သည့်အတွက် မောင်တောတွင် ရောက်ရှိနေသည့် ကမ္ဘာ့ကုလသမဂ္ဂ ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများက ၎င်းတို့ရုံးဌာနများပေါ် စစ်ကောင်စီက လေယာဉ်ပေါ်မှ ဗုံးမှားမကြဲမိစေရန် ရုံးခေါင်မိုးပေါ်တက်ကာ UN အမှတ် အသားရေးပြီး ဆေးပြာသုတ် ကာကွယ်နေကြောင်း သိရသည်။
“လေယာဉ်နဲ့ဗုံးကြဲနေတာ ၄ ရက်နေ့ကတည်းက ခပ်စိတ်စိတ်လာကြဲတယ်။ ရပ်ကွက်ထဲကျပြီး အိမ်တွေပျက်စီးကုန်တယ်။ UN နဲ့ NGO အဖွဲ့တွေကတော့ ၅ ရက်နေ့လောက် ကတည်းက ခေါင်မိုးတွေပေါ် အမှတ်အသားလုပ် ဆေးတက်သုတ်နေတာ။ ကူညီရမယ့် အဖွဲ့အစည်းကတောင် ကြောက်တယ်ဆိုတော့ ကျွန်တော်တို့က ဘာဆက်လုပ်ရမလဲ” ဟု မောင်တော ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုဖေဖော်ဝါရီလ ပထမအပတ်အတွင်းတွင်ပင် ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ရောက်ရှိ ကူညီနေကြသော UN အဖွဲ့အစည်းများ၊ NGOနှင့် INGOများသည် စစ်ရေးပြင်းထန် နေသည့် မောင်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရမ်းဗြဲမြို့များမှနေ၍ စတင်စွန့်ခွာ သွားကြပြီး ကူညီမှုဆိုင်ရာ ရုံးအချို့သာကျန်ရှိတော့ကြောင်း NGO အဖွဲ့များထံက သိရသည်။
ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA မှ ဦးဆောင်၍ တခြား ကူညီကယ်ဆယ်ရေးအဖွဲ့များကို စစ်ရေးပြင်းထန်နေသည့်ဒေသများမှနေ၍ မြို့တော် စစ်တွေသို့ပြောင်းရွှေ့ပေးနေပြီး စစ်တွေမှတဆင့် ရန်ကုန်သို့ ထွက်ခွာနေကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောတွင်သာမက ကျောက်တော် နှင့် ရမ်းဗြဲမြို့များတွင် ကျန်ရှိ နေသည့် UN အဖွဲ့အစည်းများသည်လည်း လေကြောင်းမှနေ၍ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို ကြောက်ရွံ့နေကြပြီး ယခုကဲ့သို့ အမှတ်အသားများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- မောင်တောမြို့ရှိ UN ရုံးတစ်ခုမှ ခေါင်မိုးပေါ်တက် အမှတ်အသားလုပ် ဆေးသုတ်နေစဉ်
#မောင်တော #စစ်ကောင်စီ #လေကြောင်းရန် #UNကြောက်ရွံ့ #အကာအကွယ်လုပ် #Ayeyarwaddy_Times