ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ဧရာ၀တီတိုင်း ပုသိမ်တက္ကသိုလ် တွင် စစ်ကောင်စီ၏ ညွန်ကြားမှုနှင့် တက္ကသိုလ်အရန်တပ်ခွဲ အဖြစ် အခြေခံစစ်သင်တန်းကို ဖေဖော်ဝါရီလ ၅ရက်နေ့ မှ တစ်လကြာ သင်တန်းပေးနေကြောင်းသတင်းရရှိသည်။

အဆိုပါသင်တန်းကို ပုသိမ်တက္ကသိုလ်၀န်းအတွင်းတွင် ဖွင့်လှစ်နေပြီး ပုသိမ်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ဆရာ၊ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူ၁၁၆ဦးတက်ရောက်နေကြောင်းသိရှိရသည်။

“မတက်မနေရလို့ ညွန်ကြားထားတာမဟုတ်ဘူး ခုတက်နေတဲ့လူတွေက ပညာတတ် တက္ကသိုလ်ကျောင်းသားတွေ ချည်းပဲ သူတို့ကိုယ်တိုင်က စစ်ပညာကိုလေ့လာခြင်တာမျိုးရယ်၊ တိုင်းပြည်ကို ကာကွယ်ဖို့ ဆိုပြီး အမြင်ရှိတဲ့သူတစ်ချို့ တက်ကြတာ တက္ကသိုလ်တွေမှ ခုလို အရန်တပ်တွေဖွဲ့ဖို့လဲ ညွန်ကြားထားလို့ သူတို့သဘောနဲ့ သူတို့တက်ကြတာ”ဟု ပုသိမ်တက္ကသိုလ်မှ ဆရာတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်သင်တန်းတက်ရောက်သူများအနေနှင့် အဆိုပါသင်တန်းပြီးပါက စစ်ကောင်စီ ၏ ဗိုလ်သင်တန်းကို တက်ရောက်ခွင့် ရမည်ဟုစည်းရုံးမှုများကြောင့်တက္ကသိုလ် ကျောင်းသားကျောင်းသူများအတွင်းမှ စစ်ကောင်စီနှင့် နီးစပ်သည့်မိသားစု၀င်များ တက်ရောက်ကြခြင်းဖြစ်ကြောင်း ကျောင်းသားတစ်ဦးမှပြောသည်။

“အဓိက တက္ကသိုလ်ကျောင်းသားတွေဆရာတွေကို သင်ကြားပေးနေတာကတော့ ကလတ(၇)လေ့ကျင်ရေးတပ် ပုသိမ်မြို့လွှတ်တော်ရဲ့ အနောက်ဘက်ကတပ်က သင်ကြားပေးနေတာတွေ့ရတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများအတွင်း ပြုန်းတီးလာသော စစ်အင်အားကို ပြန်လည် ဖြည့်တင်းနိုင်ရန် ထောင်ကျနေသော တပ်ပြေးများနှင့်စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေခြင်း တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားများကို ရာထူးနှင့်စည်းရုံးခြင်း၊ ရပ်ကွက်ကျေးရွာများရှိ လူငယ်များကိုလည်း ငွေကြေးဖြင့်စည်းရုံးခြင်းနှင့် အတင်းအဓ္ဓမ စစ်တပ်သို့ ၀င်ရောက်ခိုင်းခြင်းများ ပြုလုပ်နေ ကြောင်းသိရှိရသည်။

#ပုသိမ်တက္ကသိုလ် #စစ်ကောင်စီ၏ညွန်ကြားမှု #တက္ကသိုလ်အရန်တပ်ခွဲ #အခြေခံစစ်သင်တန်း #Ayeyarwaddy_Times