ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)၊ မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့အကြား ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူ့စစ် နှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ခြောက် လောင်းနှင့် လက်နက် ငါး လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PNLA ထံက သိရသည်။

ဆီဆိုင်မြို့နယ်ကို ထိန်းချုပ်ထားသည့် PNLA တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဒေသတွင်းလုံခြုံရေး ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့က ချောင်းမြောင်းပစ်ခတ် သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့သည် လွယ်ပွတ်ကျေးရွာအတွင်းသို့ ဝင်ပြေးခဲ့ပြီး ဒေသခံပြည်သူများ၏ မော်တော်ယာဉ်များကို အဓမ္မယူဆောင် ထွက်ပြေးသွားကြောင်း PNLA က ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ချောင်းမြောင်းပစ်ခတ်ကာ ထွက်ပြေးသွားသူများကို PNLA မှ ဝိုင်းဝန်း ပိတ်ဆို့ဖမ်းဆီးရာ ပြည်သူ့စစ် နှစ် ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ် မဟုတ်သော လွယ်ပွတ်ကျေးရွာကို လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲခဲ့သဖြင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆီဆိုင်မြို့မြောက်ဘက် တစ်နေရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ခြောက် လောင်းနှင့် လက်နက် ငါး လက်တို့ကို PNLA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ပင် ခမရ-၄၂၃ အနီး ရေဆင်းခပ်ရာ ၎င်းတို့ကိုယ်တိုင် ထောင်ထားသည့်မိုင်းကို ပြန်နင်းမိ၍ နှစ်ဦး သေဆုံးကာ ခြောက် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒေသတွင်း လုံခြုံရေး ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ၎င်းတို့စစ်ကြောင်းကို တွေ့မြင်ပါက လူမှုကွန်ရက် အွန်လိုင်းပေါ်တင်ခြင်းများ မပြုလုပ်ကြရန်လည်း PNLA က အထူးမေတ္တာရပ်ခံ ကြောင်း တိုက်တွန်းထားသည်။

အချို့သောပြည်သူများ၏ လုပ်ဆောင်မှုများကြောင့် စစ်ကြောင်းလှုပ်ရှားရာဒေသ အတွင်းရှိ ကျေးရွာ၊ မြို့များကို စစ်ကောင်စီနှင့် အပေါင်းအပါများက လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း PNLA က ဆိုသည်။

ဓာတ်ပုံ-PNLA
#ဆီဆိုင်မြို့ #ပြည်သူ့စစ်၂ဦးအရှင်ဖမ်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #အလောင်း၆လောင်း #လက်နက်၅လက် #PNLAရရှိ #Ayeyarwaddy_Times