
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်မှ အင်အား၁၅ဦးဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ပုံစံဝင်ရောက်ကာ လူငယ်အမျိုးသား ၁၀ဦး ထက်မနည်းကို ဖမ်းဆီး၍ ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
မော်လမြိုင်ကျွန်းမြို့အနီးရှိ မဘေကျေးရွာနှင့် လျောက်ချောင်းကျေးရွာများအတွင်းသို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ရက်နေ့က စစ်ကောင်စီတပ်မှ တစ်အိမ်တက်တစ်အိမ်ဆင်းပုံစံဖြင့် လူဦးရေကောက်ခဲ့ပြီးနောက် ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ ရွာကို စစ်တပ်တွေလာသွားတာကြာပြီ။ တစ်အိမ်ဝင်တစ်အိမ်ထွက်ပုံစံနဲ့ လူဦးရေစာရင်းတွေကောက်သွားတယ်။ အိမ်ထောင်စုစာရင်းတွေတောင်းကြည့်တယ်။ ယောက်ကျားလေးနဲ့မိန်းကလေး စာရင်းခွဲကောက်သွားတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဘေကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့စစ်ဆေးမှုပြုလုပ်ပြီးနောက် မဘေကျေးရွာမှ အသက် ၂၃နှစ်အရွယ်ဝန်းကျင် လူငယ်အမျိုးသား ငါးဦးနှင့် လျောက်ချောင်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ်ဝန်းကျင် လူငယ်အမျိုးသား ငါး ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကာ ပြန်လည်ခေါ်ယူလိုပါက တစ်ဦးလျှင် ငွေကျပ်၁၀သိန်းအနည်းဆုံးထား ပေးရန် တောင်းယူနေကြောင်း ဒေသခံများကဆိုသည်။
“ပေါ်တာအဆွဲခံရတာကြာပြီ။ အခုထိမိသားစုတွေလိုက်ခေါ်မရဘူး။ ပြန်လိုချင်ရင် ငွေ၁၅သိန်းပေးမှ ပြန်လွှတ်ပေးမယ်။ မပေးနိုင်ဘူးဆိုရင် အနည်းဆုံး ငွေ ၁၀သိန်းပေးရင်ရတယ်။ အဲ့လိုမဟုတ်ရင်တော့ စစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းပို့မယ်ဆိုပြီးငွေညှစ်ခံရတယ်” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
အလားတူ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး မြို့တွင်းရပ်ကွက်အလိုက် စစ်သင်တန်းတက်ရောက်ရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူငယ်အမျိူးသား ၃၀ ဦးထက်မနည်းကို စာရင်းကောက်ယူခဲ့သည်။
#မော်လမြိုင်ကျွန်း #စစ်ကောင်စီတပ် #လူငယ်များကိုဖမ်းဆီး #စစ်တပ်ထဲထည့်မည်ဟု #ခြိမ်းခြောက် #ငွေတောင်း #Ayeyarwaddy_Times