
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
မြန်မာစစ်တပ်ထံ ရောက်ရှိစေတဲ့ လေယာဉ်ဆီအရင်းအမြစ်တွေကို ဒဏ်ခတ်ပိတ်ဆို့ရေး အရေးတကြီး လုပ်ဆောင်ဖို့ အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့မှာ Burma Campaign UK က ထပ်မံတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။
အကန့်အသတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလင့်ကစား မြန်မာနိုင်ငံသို့ လေယာဉ်ဆီထောက်ပံ့တဲ့ ကွန်ရက် တွေကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဖော်ထုတ်ခဲ့ပါတယ်။
“မြန်မာနိုင်ငံသို့ ဂျက်လေယာဉ်ဆီ ထောက်ပံ့ရာမှာပါဝင်သော နိုင်ငံတကာကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ မြန်မြန်ဆန်ဆန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လိုအပ်တယ်ဆိုတာ AI က ဖော်ထုတ်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့တဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ လိုအပ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန် ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။
မြန်မာစစ်တပ်က အရပ်ဘက်သုံး လေယာဉ်ဆီတွေကို သိမ်းဆည်းတာကြောင့် မြန်မာနိုင်ငံထံ လေယာဉ် ဆီတင်ပို့မှု အလုံးစုံ ပိတ်ပင်မှသာ လေကြောင်းတိုက်ခိုက်မှုတွေကို လျှော့ချနိုင်မယ်လို့ Burma Campaign UK က ဆိုပါတယ်။
“အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မှာကိုသိပေမယ့် နိုင်ငံတကာကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ တင်ပို့နေပါတယ်။ ဗြိတိန်၊ ဉရောပသမဂ္ဂနဲ့ အမေရိကန်အစိုးရတွေက မြန်မာစစ် ကောင်စီကို အရေးယူဖို့ ပျက်ကွက်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့မှု ဖြတ်တောက်ဖို့ပျက်ကွက်တာဟာ မြန်မာစစ်တပ်ရဲ့ စစ်လက် နက်နဲ့ ဝင်ငွေရပေါက်တွေကို ဖြတ်တောက်ဖို့ စိတ်ဝင်စားမှုမရှိတာကို ပြသနေပါတယ်” လို့ သူက ဆိုပါတယ်။
မကြုံစဖူး ခုခံတော်လှန်မှုနဲ့ နယ်မြေစိုးပိုင်မှု ဆုံးရှုံးနေတဲ့ မြန်မာစစ်ကောင်စီဟာ မြို့တွေ၊ ရွာတွေ၊ ဆေးရုံ တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု တွေ ပိုမို ပြုလုပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – Burma Campaign UK
Ref; Jet Fuel Sanctions Needed to Limit Burmese Military Airstrikes