နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာသိမ်းထားသည့် သုံးနှစ်အတွင်း နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရ အဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတို့ကို မတရားဖမ်းဆီးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ထံက သိရသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်၊ သုံးနှစ်ပြည့်တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော်က ဆဌမအကြိမ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ခေါ်ယူကျင်းပကာ အချက် ခုနစ် ချက် ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးအနက် ယနေ့အချိန်ထိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၈ ဦးတို့သည် လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ခုနစ် ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့သည် တိမ်းရှောင်ရင်း ကွယ်လွန်ခဲ့သလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည်လည်း တိမ်းရှောင်နေစဉ် ဖမ်းဆီး သတ်ဖြတ်ခံရကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ ဖမ်းဆီးခံရသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည် လုံလောက်သော ဆေးကုသခွင့် မရရှိသောကြောင့် အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီက ဥပဒေမဲ့ ချိတ်ပိတ်သိမ်းဆည်း၍ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီက စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်ရန် ရည်ရွယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် ဖျက်သိမ်းခဲ့သည်။

“၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးဆန္ဒကို အခြေခံပြီး ဖြစ်ပေါ် လာတဲ့ ပြည်သူ့ဆင့်လွှဲတာဝန်၊ လုပ်ပိုင်ခွင့်နဲ့ တရားဝင်မှု ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ရပ်က ပေးအပ်တဲ့တာဝန် မဟုတ်ဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ် တွေဟာ ပြည်သူလူထုက အပ်နှင်းလိုက်တဲ့ ထိုဆင့်လွှဲတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျေပွန်တဲ့အထိ ထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ဒါ့အပြင် နောက်တစ်ကြိမ် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုက ရေစီနည်းကျ ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်တစ်ရပ် မပေါ်ပေါက်မချင်း ထမ်းဆောင်ဖို့ တာဝန်ရှိတယ်” ဟု ပြည်ထောင်စုလွှတ်တော်က ဆိုသည်။

ထို့သို့ တာဝန်ထမ်းဆောင်ရာတွင် တစ်ဦးတစ်ဖွဲ့ အာဏာရရှိရေး မဟုတ်ဘဲ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် လက်ရှိနိုင်ငံရေး၊ တော်လှန်ရေး၊ တိုင်းရင်းသား အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် နေသလို ဘုံရည်မှန်းချက်တူညီသော အခြားအင်အားစုများနှင့်လည်း ဆွေးနွေးညှိနှိုင်းကာ လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ- ယနေ့ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ် အစည်းအဝေး
#စစ်တပ်အာဏာသိမ်း #၃နှစ်အတွင်း #နိုင်ငံတော်သမ္မတ #အတိုင်ပင်ခံပုဂ္ဂိုလ် #အစိုးရအဖွဲ့ဝင်များ #လွှတ်တော်ကိုယ်စားလှယ်၁၄၅ဦး #မတရားဖမ်းဆီး #Ayeyarwaddy_Times