ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁ ရက်

ကျုံပျော်မြို့နယ်ရှိ လိုင်စင်ရ သားသတ် ရုံများတွင် နွားပေါက်ကလေးများကိုပါ ဝယ်ယူ သတ်ဖြတ်နေပြီး တိုင်းကြာမှုများရှိသော်လည်း စီစစ်အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

ပုသိမ်ခရိုင် ၊ ​ကျုံပျော်မြို့နယ်တွင် လိုင်စင်ရသားသတ်ရုံများမှ နယ်ကျော်နွားများအပြင် ဒေသတွင်းရှိနွားများကိုပါ ဝယ်ယူသတ်ဖြတ်နေပြီး နို့တိုက်မိခင်နွားများနှင့် နွားပေါက်ကလေးများပါ သတ်ဖြတ်နေကြောင်း ဒေသခံများက ပြောသည်။

“အင်းရဲ နဲ့ အင်းမ ကြားက လိုင်စင်သမားတွေအခုလိုလုပ်နေကြတာများတယ်။ အခုက တစ်ခေါက်လည်းမဟုတ်ဘူး နွားပေါက်လေးတွေပါ အသတ်ခံရတာတော့မဟုတ်သေးဘူးလို့မြင်တယ် ။ လိုင်စင်ထုတ်ပေးတဲ့ကောင်တွေက စီစစ်တာမရှိတော့ ပိုဆိုးတာပေါ့ “ဟု ကျုံပျော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံစည်ပင်မှ သားသတ် လိုင်စင်များထုတ်ပေးထားသော်လည်း စစ်ဆေးခြင်းမရှိသည့် အပြင် သားသတ်လိုင်စင်ဥပဒေများကိုပါဖောက်ဖျက်နေကြောင်းဒေသခံများထံမှသိရသည်။

“နွားတစ်ကောင်ကိုလိုင်စင်ရုံကနေသတ်မယ်ဆို ကျန်းမာရေးစစ်ဆေးတာတွေ ။ သတ်မဲ့ နွားမှာလည်း ကန့်သတ်ချက်တွေရှိတယ်။ ဇီးကပ်နေတဲ့နွားတွေ ၊နို့တိုက်နွားမတွေ နွားပေါက်ကလေးတွေကို သတ်လို့မရဘူး ။ ဒါပေမယ့် သူတို့က တိကုနဲ့စည်ပင်ကိုငွေပေးပြီး လုပ်နေကြတာ လိုင်စင်တစ်ခုကို စည်ပင်ရော တိကုရော သေချာကြပ်မတ်မှုမှမရှိတာ ။ငွေရရင်ပြီးရောဆိုတဲ့ကောင်တွေ တိုင်းလည်းအယောင်ပြဆင်းစစ်မယ်ပြီးရင်ပြီးရောပဲ ။ ဟိုကောင်တွေကငွေလာပေးရင် တိုင်စာပြီးသွားပြီ။ တိုင်တဲ့သူပဲအမုန်းခံရတာ”ဟု ကျုံပျော်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သားသတ်လုပ်ငန်းရှင်များသည် ကျွဲနွားများကို သတ်ဖြတ်ရာတွင် တိမွေးကုနှင့် စည်ပင်သာယာရေးဌာန က ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာပဲ ချိုးဖောက်နေကြောင်းသိရသည်။

#ကျုံပျော်မြို့နယ် #လိုင်စင်ရ #သားသတ်ရုံး #Ayeyarwaddy_Times