
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၂၈ ရက်
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ ကရင်နီပြည်နယ်အတွင်း သက်ဆိုင်ရာပြည်နယ်ရေးရာဌာနများ ဖွဲ့စည်းထားပြီး ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် ပြည်နယ်ရေးရာဌာနများမှ သက်ဆိုင်ရာအင်အားစု အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း IEC ထံက သိရသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း ပညာရေးကဏ္ဍတွင် IEC ပညာရေးဌာနအနေဖြင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေးရရှိနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီး လိုအပ်သည့် မွန်းမံသင်တန်းများနှင့် ဆရာဖြစ်သင်တန်းများကို ကရင်နီပြည်အတွင်းရှိ ပညာရေးဘုတ်အဖွဲ့များ၊ ဆရာသမဂ္ဂ အဖွဲ့များနှင့် အခြားသော ပညာရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်နေသည့် အစုအဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်ရန်ရှိကြောင်းသိရသည်။
“ကရင်နီပြည်နဲ့သင့်လျော်မယ့် ကရင်နီပြည် ပညာရေးဆိုင်ရာမူဝါဒ ပေါ်ပေါက်ရေး ကိုလည်း IEC ပညာရေးဌာနက အခြားသော ပညာရေးဆိုင်ရာ အင်အားစုတွေနဲ့ ပူပေါင်း ပြီးတော့မှ မူဝါဒအကြမ်းကို ပြုစုပြီး KSCC (ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ) ကို တင်ပြဖို့လည်းရှိပါတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် IEC အနေဖြင့် ကျေးရွာ၊ ကျေးရွာအုပ်စု နှင့် မြို့နယ်အဆင့် ကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး မကြာမီ အချိန်အတွင်း မြို့နယ်လေးခုတွင် စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အုပ်ချုပ်ရေးယန္တရားနှင့်အတူ လိုအပ်သည့် ရဲဌာန၊ ပြည်သူ့ အုပ်ချုပ်ရေးဌာနခွဲ၊ လူသားချင်းစာနာထောက်ထားရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ အရေးပေါ်တုံ့ပြန် ကယ်ဆယ်ရေးဌာနခွဲ များကိုလည်းသက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် စုဖွဲ့ကာ လူထု၀န်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ပြီးဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။
“ကျန်းမာရေး ကဏ္ဍမှာကတော့ သုံးနှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့ အစီစဉ်တွေ ကိုယ်၀န်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးတဲ့ အစီစဉ်တွေကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်။ တစ်ဖက်မှာလည်း IEC နဲ့ ယှက်နွယ်ပြီးတော့မှ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကျန်းမာရေးအင်အားစုတွေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းတွေကို ပြည်သူကြားမှာ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဆက်လက်ပြောကြားသည်။
ကရင်နီပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းများသည် ယခုအခါတွင် ဖွဲ့စည်းပြီးဖြစ်သည့် ပြည်နယ်ရေးရာဌာန ခုနစ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့အတူ ကရင်နီပြည်နယ်၏ CDM မူဝါဒကိုလည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ဦးဆောင်ကာ အမြန်ဆုံးရေးဆွဲ သတ်မှတ်နိုင်ရန် ကြိုးစားနေပြီး အဆိုပါမူဝါဒနှင့်အညီ CDM ဝန်ထမ်းများအတွက် ပိုမိုရှင်းလင်းတိကျသည့် အစီအမံ များရှိလာမည်ဖြစ်ကြောင်း IEC ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကရင်နီ #IEC #ပြည်နယ်ရေးရာဌာနများ #ပညာရေးဌာန #ကျန်းမာရေးဌာန #Ayeyarwaddy_Times