ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မရဲစခန်းပေါ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းနဲ့ ၂၇ ရက်နေ့တွေမှာ ဒရုန်းတစ်စီးပျံသန်းခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတမြို့မရဲစခန်းပေါ်မှာ အမည်မသိ ဒရုန်းတစ်စီးပျံသန်းခဲ့တာကြောင့် စစ်ကောင်စီတပ်သားများက ကြောက်လန့်ကာ ရမ်းသန်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး ဟင်္သာတမြို့ပေါ်ရှိ ဒရုန်းပိုင်ဆိုင်သူအချို့ကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့်ရဲများက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

” အဲ့နေ့ ညပိုင်းက ဗုံးပေါက်မှုဖြစ်တယ်။ အဲ့လိုဖြစ်ပြီးတော့ မကြာဘူး။ ရဲစခန်းပေါ် ဒရုန်းတစ်ဆင်းပျံနေတယ်ဆိုပြီး စစ်သားတွေဝိုင်းပြီး သေနတ်တွေနဲ့ ရမ်းသမ်းပြီးပစ်ကြခတ်ကြတယ်။ ထိခိုက်တာတော့ မရှိဘူး။ သူတို့လည်း အတော်လန့်နေပုံရတယ်။ ၂၈ ရက်နေ့ မနက်ကြတော့ မြို့ပေါ်က ဒရုန်းပိုင်တဲ့သူတွေ ခေါ်ပြီး စစ်တယ်လို့ကြားတယ်” လို့ ဟင်္သာတမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ညပိုင်းက ဟင်္သာတမြို့တွင် ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဥ်းဦးစီးဂိတ်ဝ ၊ဟင်္သာတ ရဲစခန်းနှင့် အကျဥ်းစီးဌာနထောင့်ကြားနေရာများမှာ တစ်နေရာကို မိုင်းနှစ်လုံးစီဖြင့် စုစုပေါင်းမိုင်း ရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

” တစ်ညတည်းမှာ PDF တွေက ၄ နေရာ ဗုံးခွဲတယ်ဆိုကတည်းက ကြောက်လန့်နေကြတာ။ သူတို့ကိုသူတို့ အေးချမ်း​နေတယ်ပဲထင်​နေကြတာလေ။ မထင်တဲ့အချိန်ကြီးထဖြစ်တော့ သူတို့လည်း တော်တော်လန့်သွားကြတယ်။ အဲ့ညက ဗုံးကွဲလို့ ရဲ ၃ ယောက် ဒဏ်ရာရပြီးဆေးရုံတက်နေရတယ်လို့ကြတယ်။ သူတို့ဘက်က သတင်းကိုဖုံးထားတယ် ” လို့ ဟင်္သာတမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ယခုလ နောက်ဆုံးပတ်ကစတင်ကာ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေ စစ်အုပ်စုထောက်တိုင်တွေကို ဆက်လက် ဖောက်ခွဲ တိုက်ခိုက်သွားဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ နဲ့ မထိတ်လန့်ကြဖို့လည်း သတိပေးပြောဆိုထားပါတယ်။