
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘတာဝဝပ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဖျော်ဖြေနေစဥ် မလေးရှား ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းအဖွဲ့တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အဆိုတော် အေမီစျာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါဝင် မြန်မာနိုင်သား ၅၀ ကျော်သည် လွတ်မြောက်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
ဘတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီ မှ ဇန်နဝါရီ ၁၄ ရက်နေ့၊ နံနက် ၅နာရီ ထိ ကျင်းပပြုလုပ်သည့် မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေနေကြသည့် အဆိုတော် အေမီစျာန်နှင့် ဖူးပွင့်ခိုင် တို့အပါဝင် ပွဲကိုလာရောက်သည့် မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို မလေးရှား ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းအဖွဲ့တို့က ရှောင်တခင် ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“အဆိုတော် အေမီစျာန်နဲ့ ဖူးပွင့်ခိုင်တို့က မလေးရှားကို အလည်ဗီဇာနဲ့ လာလည်တာဖြစ်တဲ့အတွက် သီဆိုဖြေဖျော်ခွင့် မရှိဘူး။ အဲ့တော့ သူတို့ ဥပဒေချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့် သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်တယ်။ ဘာအမူနဲ့ ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး။ သူတို့ကို ရုံးထုတ်မှ သိရမယ်။ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မဟုတ်ရင် ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးမယ်ထင်တယ် “ဟု မြန်မာလူမူကူညီရေးအသင်း(မလေးရှား) အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အယောက် ၂၀၀ ထဲမှ အထောက်အထားပြည့်စုံသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုတော် အေမီစျာန်နှင့် ဖူးပွင့်ခိုင် တို့အပါဝင် အထောက်ထားမဲ့ မြန်မာနိုင်သား ၅၀ ကျော်သည် ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၁၁ နာရီဝန်းကျင်တွင် ဆလန်ဂေါပြည်နယ်၊ စမှုံညှင်းမြို့တွင် ရပ်ကွက်နေ ပြည်သူများ၏ တိုင်ကြားချက်ကြောင့် မလေးရှား ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား အပါဝင် နီပေါ၊ အင်ဒိုနီးရှား၊ ဘဂ်လားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီယာရာလီယွန်နှင့် ကင်မရွန်းနိုင်ငံသား စုစုပေါင်း ၅၆၁ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
#အဆိုတော် #အေမီစျာန် #ဖူးပွင့်ခိုင် #မြန်မာနိုင်ငံသား၅၀ကျော် #မလေးရှား #ပြန်မလွတ်သေး #Ayeyarwaddy_Times