ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်း တိမ်းရှောင်နေရာမှ နေအိမ်သို့ပြန်လာစဥ် ဇန်နဝါရီလ ၁၈ရက်နေ့က ဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိသည်။

ဦးစိုးမိုးထွန်းသည် ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ကျေးရွာ ရှိ နေအိမ်သို့ ပြန်ရောက်နေစဉ် စစ်ကောင်စီတပ်နှင့်ရဲများက ညဘက်တွင် ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“သူ့ကို ကန်ကြီးထောင့်မှာ ၀ရမ်းထုတ်ထားတဲ့အထဲတော့မပါဘူး။ ဒါပေမယ့် ဆန္ဒပြတုန်းကတော့သူလဲပါခဲ့တယ် ဆိုတော့ ရှောင်နေတာ သူကတစ်ခြားလူတွေလို တိုင်းရင်းသားနယ်မြေတွေဘက်ကို သွားနေတာမဟုတ်ဘူးဧရာ၀တီတိုင်းအတွင်းမှာပဲ ပတ်နေရင်းနဲ့ အိမ်အပြန် အဖမ်းခံလိုက်ရတာ”ဟု ကန်ကြီးထောင့်မြို့နယ် NLDပါတီနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိဖမ်းဆီးခံရသူ ဦးစိုးမိုးထွန်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီကိုယ်စားပြုကာ ကန်ကြီးထောင့်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အမှတ်(၂ )တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဥ်ပြိုင်ရာမှာ အနိုင်ရ

ရှိခဲ့သူတစ်ဦးဖြစ်ကာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သောဆန္ဒပြပွဲများတွင်ပါ၀င်ခဲ့ပြီးတိမ်းရှောင်နေသူဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဦးစိုးမိုးထွန်းကို ကန်ကြီးထောင့် မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး မိသားစုနှင့် တွေ့ဆုံခွင့် မရသေးကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်သူများထံမှသိရသည်။
#ဧရာ၀တီတိုင်း #ကန်ကြီးထောင့်မြို့နယ် #တိုင်းဒေသကြီး #လွှတ်တော်ကိုယ်စားလှယ် #ဦးစိုးမိုးထွန်း #ဖမ်းဆီးခံရ #Ayeyarwaddy_Times