ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇန်နဝါရီ ၂၀ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ကဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စတင်၍ နေ့ချင်းအပြီးပြောင်းရွှေ့ပေးရမည်ဟု လာရောက်ခြိမ်းခြောက်ပြောဆိုသည့်အတွက် ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါကုန်း၊ ရွာရှောင်၊ ကျွဲဖြူမ၊ ရွေကြာအင်း စုစုပေါင်း ရွာ ခုနစ် ရွာကို ပုဒ်မ ၁၄၄ သတ်မှတ်လိုက်သည့်အတွက် နေ့ချင်းအပြီးပြောင်းပေးရန်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင်ဖြင့် ကျေးရွာများအတွင်း လာရောက်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“ရွာ ခုနစ် ရွာကိုက သူတို့ကိုယ်တိုင်လာပြောသွားတယ်။ လူငါးဦးထက်ပိုမစုရဆိုတဲ့ အမိန့်ထုတ်လိုက်တယ်။ နေ့ချင်းပြောင်းပေးရမယ်။ မပြောင်းဘဲ ရွာထဲမှာတွေ့ရင် ပစ်သတ်မယ်ဆိုပြီးပြောသွားတာ။ ကျန်တဲ့ ၁၀ ရွာ ကို တော့ PDF တွေကို ကြောက်လို့ သူတို့ကိုယ်တိုင်မသွားရဲဘဲ စာတွေလိုက်ကပ်သွားတယ်။ အခုတော့ ရွာတွေက အကုန်ကြောက်ပြီး ထွက်ပြေးကုန်ကြပြီ။ ရွာတွေက အလွတ်တွေဖြစ်ကုန်ပြီ။ ပစ္စည်းတွေတောင်မယူနိုင်ကြတော့ဘူး” ဟု အုတ်ဖို ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်ဖွဲ့များထံမှ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် ဆင်တဲကုန်း၊ ၀ါးဖြူချောင်း၊ သိုက်၀ါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ စသည့် ရွာ ၁၀ ရွာကိုမူ စာပို့၍ ရွေ့ပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ပုဒ်မ ၁၄၄ အကြောင်းပြကာ ‌ကျေးရွာ ၁၇ ရွာကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီ၍ ဒုက္ခရောက်နေကြောင်း သိရသည်။

“အုတ်ဖိုဘက်မှာက တိုက်ပွဲခဏ ခဏ ဖြစ်ပြီး သူတို့အထိနာတော့ ခုလိုလုပ်တာပါ။ ရှင်းရှင်းပြောရင် တော်လှန်ရေးအဖွဲ့တွေကို မနိုင်လို့ ပြည်သူကို ဒုက္ခပေးတဲ့သဘောပါပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့လည်း ဝိုင်းကျေးရွာရဲစခန်းမှ ဂမုန်းဆည်သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #ပုဒ်မ၁၄၄ #စစ်ကောင်စီ #ဒေသခံများမောင်းထုတ် #စစ်ဘေးရှောင် #Ayeyarwaddy_Times