ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

အဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက် စာချုပ်ကို လိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူများကို လေကြောင်းမှတိုက်ခိုက်နေပြီး အပိုးမကျိုးသည့် လုပ်ရပ်လုပ်ဆောင်နေကြောင်း ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာ မိတ်သုံးဖွဲ့က ယမန့်နေ့ ဇန်နဝါရီ ၁၈ ရက် ညသန်းခေါင်တွင် ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့်အလျောက် တော်လှ န်ရေးကတိ သစ္စာတည်ကြည်သော အဖွဲ့အစည်းများဖြစ်ပြီး သဘောတူ စာချုပ်ကိုလိုက်နာသော်လည်း အခြားတစ်ဖက်တွင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဖက်ဖက်၌ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်း ယခင်ရက်များအတိုင်း မဟာမိတ်အဖွဲ့နှင့် အရပ်သား ပြည်သူများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ယနေ့ထက်ထိ အပိုးမကျိုးဘဲ ဆက်လက်ပြုလုပ်နေသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။

ဟိုင်ဂင်သဘောတူညီမှု တစ်ပတ်(၇ရက်)ပြည့်ပြီးနောက် စစ်ရေးအရှိန်မှာ အနည်းငယ် ရပ်တန့်သွားသည်ဟု ထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေအလျင်နှုန်းဖြင့် “၁၀၂၇ စစ်ဆင်ရေးကြီး” ဆက်လက်ဆင်နွှဲလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဘုံ ရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဟာမိတ်အဖွဲ့ အနေဖြင့် သဘောတူညီမှုရရှိခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့မှစ၍ ယနေ့အချိန်အထိ သဘောတူညီခဲ့သည့်အတိုင်း လိုက်နာနေ၍သာ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်မလာခြင်းဖြစ်သည်ဟု မဟာမိတ်အဖွဲ့က ပြောကြားထားသည်။

ထို့ပြင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၎င်းတို့အနေဖြင့် ဟိုဂင်သဘောတူညီချက်ကို လိုက်နာခြင်း မရှိဘဲသွေဖည်နေမည်ဆိုပါက ၎င်းတို့ သတ်မှတ်ထားသည့်အတိုင်း စစ်ဆင်ရေး ပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်နိုင်နေပြီဖြစ်သည်ဟု ဆိုထားသည်။

မဟာမိတ်အဖွဲ့များအနေဖြင့် ရှမ်းမြောက်တွင်မြို့ကြီး ၁၆ မြို့အထိ သိမ်းဆည်း ထားနိုင်ခဲ့ပြီး သဘောတူညီချက်အတိုင်း လိုက်နာခဲ့ခြင်းမရှိပါက ( ??? ) ကဲ့သို့ သော မြို့ကြီးများကို သိမ်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်အဖွဲ့များ ရည်ညွှန်းသည့် ( ??? ) မှာ သီပေါနှင့် လားရှိုးမြို့တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

#အဖက်ဖက်မှရှုံးနိမ့် #စစ်ကောင်စီ #ဟိုင်ဂင်သဘောတူညီချက် #လိုက်နာခြင်းမရှိ #အပိုးမကျိုး #မဟာမိတ်၃ဖွဲ့ထုတ်ပြန် #Ayeyarwaddy_Times