
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့နှင့် အနီးရှိ ကျေးရွာများတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် စစ်ကောင်စီက ဖိအားပေးနေပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် လူဦးရေစာရင်းများပြုစုကာ မဲနှိုက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးများက မဲနှိုက်ခိုင်းပြီး လူသစ်စုဆောင်းသည့် သာဂရမြို့ နှင့် ရက်ကွက်၊ ကျေးရွာများမှာ ဒေဝကွက်သစ်၊ တုန်းခေါင်းရွာ၊ သရက်ကုန်း၊ ချုံအင်း၊ ပိန်းအင်း၊ အင်ဒိုင်း၊ ဆက်သွား၊ ညောင်ကြပ်၊ ဒေဝစသည့်တို့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ပြည့်သူစစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ကွက်ရုံး ရာအိမ်မှူးတွေနဲ့ အုပ်ကြီးတွေက တဆင့်ရက်ကွက်တစ်ခုကို အိမ်ခြေအလိုက် အဓမ္မ လူစုကြတာ။ ရှေ့တန်းထွက်ရမယ်ဆိုပြီး မဲနှိုက်ခိုင်းနေတာ။ အိမ်မှာ ယောက်ကျားသားတယောက်မှ မရှိတဲ့ အမေမုဆိုးမကိုတောင်မှ မဲမဖြစ်မနေ နှိုက်ခိုင်းပြီး ပေါက်ရင် ရှေ့တန်းလိုက်ရမယ်ပြောတယ်၊ ခြိမ်းခြောက်မှုတွေလည်းလုပ်နေကြတယ်” ဟု သာဂရမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ပဲခူးတိုင်းအတွင်း ဝေါ၊ သာယာဝတီ၊ ဇီးကုန်း၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ တောင်ငူ၊ ရေတာရှည် စသည့်မြို့နယ်များတွင်လည်း ပြည်သူ့စစ်များဖွဲ့စည်းရန်နှင့် စစ်သင်တန်းများတက်ရောက်ရန် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်ဖွဲ့စည်းရန် သာဂရမြို့တွင် လူဦးရေ ၃၇၀ ပေးရမည်ဟု ညွှန်ကြားထားပြီး တစ်ရပ်ကွက်လျှင် ရက်ကွက်အလိုက် လူ ၂၀ ဦးမှ ၄၀ အထိ ပေးရမည်ဟု စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးက သတ်မှတ်ထားကြောင်းသိရသည်။
စစ်သည်အင်အားချိနဲ့လာသည့် စစ်ကောင်စီတပ်သည် ပဲခူးတိုင်းနှင့် ဧရဝတီတိုင်းအပြင် အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ရပ်ကွက်၊ မြို့နယ်များအလိုက် စစ်သင်တန်းများပေးကာ ရှေ့တန်းသို့ စေလွှတ်နေကြောင်း ဒေသခံများထံသိရသည်။
#ပဲခူးတိုင်း #ကျေးရွာ #ရပ်ကွက် #ပြည်သူ့စစ်ဖွဲ့စည်း #စစ်ကောင်စီ #ဖိအားပေး #အဓမ္မမဲနှိုက်ခိုင်း #Ayeyarwaddy_Times