
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိရာ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲ မကြာခဏဖြစ်ပွားနေသဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်၊ သွင်းကုန်ကုန်စည်များကို မြန်မာ- ထိုင်းနယ်စပ်ရှိအခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို တင်ပို့နိုင်မည် ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် ကော့ကရိတ် – မြဝတီကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ မကြာခဏတိုက်ပွဲ ဖြစ်ပွားပြီး ပြင်းထန်လျက်ရှိသည်။
မြန်မာ – ထိုင်းနယ်စပ်တစ်လျှောက် ကုန်သွယ်ရေးလမ်းကြောင်း ခုနစ်ခုရှိရာတွင် မြဝတီ ကုန်သွယ် ရေးဇုန်ရှိ ပို့ကုန်၊ သွင်းကုန်များကို အခြားနယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ – ထိုင်းနယ်စပ်တစ်လျှောက် မြဝတီအပါအဝင် မယ်စဲ့၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး နှင့် မောတောင်နယ်စပ်ကုန်သွယ်ရေး နယ်စပ်ကုန်သွယ်ရေး စခန်းခုနစ်ခု ရှိကြောင်းသိရသည်။
“တာချီလိတ် (မယ်ဆိုင်)ကို ကိုဗစ်ကြောင့် ပိတ်ထားတာကြာပြီ။ ဒီ ၂၀၂၃ ခုနှစ်မှ ပြန်ဖွင့်တာ။ ဖြတ်သန်းခွင့်လက်မှတ်နဲ့ လူအဝင်အထွက်ရတယ်။ သူ့ဂိတ်နဲ့သူကနေ ဂိတ်ပြောင်း ကုန်သွယ်လို့ရတော့မယ်ထင်တယ်။ တရားမဝင်ကုန်တွေကလည်း မြစ်ကူး ပြီး ကုန်ပို့နေတာတွေရှိတယ်” ဟု တာချီလိတ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။
မြန်မာ- ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေး ဆောင်ရွက်ရာတွင် မြဝတီနယ်စပ်မှကုန်များကို ပို့ကုန် လုပ်ငန်းရှင်များက ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများကို နယ်စပ် စခန်း ပြောင်းခွင့်ပြုမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဒီဇင်ဘာ ၁၉ ရက်နေ့မတိုင်မီ သွင်းကုန် လိုင်စင်ခွင့်ပြုချက် ရပြီးကုန်ပစ္စည်းများကို အခြားနယ်စပ်ဂိတ်နှင့် ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနထံက သိရသည်။
ကရင်နီပြည်နယ်ရှိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း မယ်စဲ့ကုန်သွယ်ရေး စခန်းဂိတ်သည် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) လှုပ်ရှားရာဒေသများတွင် ပါဝင်ပြီး BP-14၊ BP-15 နှင့် မယ်စဲ့မြို့မရဲစခန်းများကို သိမ်းပိုက်ထားကြောင်းသိရသည်။
ကရင်အမျိုးသားအစည်းရုံး တပ်မဟာ (၄) နယ်မြေစိုးမိုးထားရာ ထိုင်း – မြန်မာ နယ်စပ် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင်မူ အခြားစခန်းများထက် ကုန်သွယ်မှုပိုများကြောင်း သိရသည်။
မြန်မာ – ထိုင်းနှစ်နိုင်ငံကုန်သွယ်ရာတွင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၈၉ ဒသမ ၈၂၇ သန်းရရှိပြီး တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှကုန်သွယ်လျက်ရှိပြီး ထီးခီးကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုပိုများကြောင်း စစ်ကောင်စီ၏ စီးကူးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – စီးပွားကူးသန်း
#မြဝတီကုန်သွယ်ရေးဇုန် #မြန်မာထိုင်းနယ်စပ် #အခြားကုန်သွယ်ရေးစခန်းများ #တင်ပို့နိုင်မည် #စစ်ကောင်စီထုတ်ပြန် #Ayeyarwaddy_Times