မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူများ အစုလိုက်အပြုံ လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ် မဟုတ်ကြောင်း တရား၀င်ငြင်းဆိုထားသည်။

စစ်ကောင်စီသည် တမူးမြို့နယ်၊ ခါမ်းပါတ်တိုက်နယ်၊ ကနန်စံပြကျေးရွာ၊ အမှတ် (၅) ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် စာသင်ကျောင်းပတ်၀န်းကျင်ကို လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအ၀င် ပြည်သူစုစုပေါင်း ၁၇ ဦးအထိ သေဆုံးမှုများရှိခဲ့ပြီး ၎င်းတို့လုပ်ရပ်မဟုတ်ကြောင်း ဇန်နဝါရီ ၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် ဝါဒဖြန့် သတင်းစာနှင့် ရုပ်သံမီဒီယာများတွင် ငြင်းဆိုထားခြင်း ဖြစ်သည်။

“အဲဒီနေ့က ဂျက်ဖိုက်တာနဲ့ လာကြဲတာ။ တစ်စစီ လိုက်ကောက်ရတဲ့ လူတွေတောင် ရှိတယ်။ စစ်တပ်က သူတို့မလုပ်ဘူးဆိုတော့ ဘယ်အဖွဲ့အစည်းမှာ လေယာဉ်ရှိနေလို့လဲ။ သတ်လည်း သတ်သေးတယ်။ မလုပ်ဘူးလို့လည်း ငြင်းသေးတယ်ဆိုတော့ လူမဆန် တဲ့လုပ်ရပ်ပဲ”ဟု တမူးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ ၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အဆိုပါနေ့ (ဇန်နဝါရီ ၇ ရက်နေ့) နံနက်ပိုင်းတွင် ၎င်းတို့ဘက်မှ လေကြောင်း ပျံသန်းမှုလုံး၀မရှိခဲ့ဘဲ ပြည်ဖျက်မီဒီယာများက တိုင်းပြည်ဆူပူစေရန် သတင်းမှားဖြန့်ဝေ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း ၎င်းတို့ပိုင်မီဒီယာတွင် တရား၀င်ထုတ်ပြန် ငြင်းဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အသက် ခုနစ်နှစ်အရွယ် ယောက်ျား လေးနှစ်ဦးနှင့် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် သေဆုံးသူအမျိုး သမီး ငါး ဦး၊ အမျိုးသား ၁၂ ဦး စုစုပေါင်း ၁၇ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ကိုး ဦးရှိကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

ယင်းကနန်ကျေးရွာကို စစ်ကောင်စီမှ သတင်းပေးချက်အရ ဂျက်ဖိုက်တာဖြင့် ရောက်ရှိ လာပြီး ပေါင် ၂၅၀ ဗုံး လေးလုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ငြင်းဆိုထားသော်လည်း စစ်တပ်ထောက်ခံသူများက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် PDF အယောက် ၃၀ ကျော်သေဆုံး သွားသည်ဟု ၎င်းတို့၏ လူမှုကွန်ရက်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

ပုံစာ- ကနန်စံပြကျေးရွာကို လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့မြင်ရစဉ်
#စစ်ကိုင်း #တမူးခါမ်းပါတ် #ကနန်ရွာ #စစ်ကောင်စီ #ဂျက်ဖိုက်တာဗုံးကြဲ #ပြည်သူ၁၇ဦးသေဆုံး #Ayeyarwaddy_Times