
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
စစ်ကောင်စီတပ်က နေရာစုံ၊ တပ်မစုံမှ သင်တန်းမပြီးဆုံးသေးသည့် သင်တန်းသားများ ကိုပါ ရှေ့တန်းစစ်မြေပြင်များတွင် အသုံးပြုနေပြီး ခုခံစစ်ပြင်ဆင်နေရသည်ဟု CDM ဗိုလ်ကြီး တစ်ဦးထံက သိရသည်။
ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း သံဘိုရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်နက် ခဲယမ်းများ၊ ဘတ်တံဆိပ်မျိုးစုံပါဝင်သည့် စစ်ကောင်စီတပ်ဝတ်စုံများ နှင့် အရှင်ဖမ်းဆီး ရမိသည့် စစ်သုံ့ပန်းများ ရှိခဲ့သည်။
သိမ်းဆည်းရရှိသည့် ဘက်တံဆိပ်များနှင့် ဖမ်းဆီးရမိသော တပ်သားများ၏ ထွက်ဆို ချက်အရ တပ်ပေါင်းစုံမှဖြစ်ပြီး တပ်ပေါင်း ၂၁ တပ်နှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အစုံ(စကခ)၊ ခြေမြန်တပ်မဌာနချုပ်အစုံ (ခမရ)တို့မှ သင်တန်းသား များကို ရှေ့တန်းပို့ဆောင် ထားခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့တန်းပို့ခံရတာတွေအကုန်က သင်တန်းသားတွေကြီးပဲ။ DSA ကျောင်းဆင်းပွဲ မတိုင်ခင်ကတည်းက တပ်နယ်အတွင်းမှာရှိတဲ့ သင်တန်းသားတွေ အားလုံးမိခင် တပ်ရင်းကို ပြန်မလွှတ်တော့ဘဲ လုံခြုံရေးဆိုပြီး ရှေ့တန်းပို့လိုက်ကြတာ”ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရှေ့တန်းပို့ခံသည့် အဆိုပါတပ်များမှာ မီးသတ်တပ်ဖွဲ့မှစ၍ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်(ကက-ပြည်)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ-မန္တလေး)၊ သံချပ် ကာယန္တယားတပ်၊ စစ်အင်ဂျင်နီယာတပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ-ခိုလမ်)၊ အရှေ့တောင် တိုင်းစစ် ဌာနချုပ်(ရတခ-မော်လမြိုင်)၊ အမြောက်တပ်၊ တပ်မ(၉၉)၊ တြိဂံတိုင်းစစ်ဌာနချုပ် (တတခ-ကျိုင်းတုံ)၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီ ယာတပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ)၊ တပ်မတော်စစ်တက္ကသိုလ်၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်(တဆရ)၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တို့ပါဝင်ကြောင်း သိရသည်။
ယင်းဘက်တံဆိပ်များအရ သုံးရစ်နှင့်အရာရှိများ အများစုဖြစ်ပြီး လက်နက်မှာလည်း BA- 63 ကိုင်ဆောင်သူများဖြစ်သည်ကို တွေ့ရသည်။
ထို့အပြင် ၎င်းတို့သည် သင်တန်းဆင်းများဖြစ်သည့်အပြင် ဌာနမျိုးစုံမှဖြစ်သည့်အတွက် စစ်ရေးအရထိန်းကွပ်ရန်ခက်ခဲပြီး တိုက်ခိုက်ရေးအတွေ့အကြုံ မရှိကြောင်း သိရသည်။
“တပ်ပေါင်းစုံက သင်တန်းသားတွေဆိုတော့ ထိန်းရတာ မလွယ်ဘူး။ သင်တန်းသား တွေက လစာမပါတာ များတယ်။ အခုဖြစ်တဲ့ သံဘိုကိစ္စမှာလည်း တိုက်ပွဲပြင်းထန် နေတော့အထက်ကလည်း စစ်ကြောင်းကို ဖိအားပေး၊ အောက်ကသင်တန်း သားတွေကလည်း ဆူပူနဲ့ အကောင်းဆုံးလမ်းကို ရွေးချယ်သွားတာလို့မြင်တယ်” ဟု CDM ဗိုလ်ကြီးက ဆိုသည်။
သံဘိုရွာတိုက်ပွဲတွင် ကြီးကြပ်သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်မှာ တိုက်ခိုက်ရေးမှ မဟုတ်ဘဲ စက်မှုဆိုင်ရာ ဘာသာရပ်သင်ကြားရေး ကထိကဖြစ်ပြီး သံဘိုရွာရှေ့တန်းသို့ လုံခြုံရေးအနေနှင့်ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် သင်တန်းသားများကို လုံခြုံရေးဟုဆိုကာ ရှေ့တန်းသို့ အတင်းအကျပ် ပို့ဆောင်နေခြင်းသည် ဖွဲ့စည်းပုံပျက်နေသည့်ကို ညွှန်ပြခြင်းဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” စကတည်းက စစ်ဦးကျိုးသွားခဲ့ပြီဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“မြေပြင်တပ်မဌာနချုပ် တပ်မ ၁၁ ကနေ ၁၀၁ အထိရှေ့တန်းမှာ စစ်ကျွံနေကြတာ။ မူရင်း တပ်မဌာနချုပ်တွေမှာ အခွံအစောင့်ပဲ ကျန်တော့တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ပုံစာ- ဇန်နဝါရီ ၄ ရက်နေ့က ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း သံဘိုရွာရှိ စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသည်များ
#စစ်ကောင်စီ #သံဘိုရွာ #တပ်မစုံသင်တန်းသားများ #အသုံးပြုနေရ #Ayeyarwaddy_Times