နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နေ့ရော ညပါလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် မဟာမုနိဘုရားကြီး အနီးအနားရှိ သရက်တပင်ရွာ၊ ရွာကြီးရွာ၊ ပြင်လှရွာ၊ သိန်းတန်ရွာ၊ ရွှေတလှည့်ပေါက်ရွာ ၊ ပေါက်တောရွာ နှင့် ကျောက်တော်မြို့ မဟာမုနိဘုရားကြီးတဝိုက်ကို လေယာဥ်ဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးများနှင့်ပါ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ညကလည်း တစ်ညလုံးပစ်နေတာ။ ဒီမနက်(ဇန်နဝါရီ၅ရက်) မှာလည်း လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာ။ လက်ရှိ ပေါက်တောရွာမှာမီးလောင်နေပြီး ထိခိုက်သေဆုံး မှုတွေရှိတယ်” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ပထမအပတ်ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်းအများအပြားကို AA က သိမ်းပိုက်ထား၍ ကျောက်တော်မြို့ အနီးအနားရှိ ကျေးရွာများကို ရမ်းသန်းပစ်ခက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ ခမရ (၃၇၆) တပ်ရင်းဘက်မှာ လက်နက်ကြီးတွေ ဆင်ထားတာ ၃ ရက်ရှိပြီ။ ညဘက်ကို နာရီဝက်ခြား၊ တစ်နာရီခြား အဲ့လိုပစ်နေတာ။ နေ့ဘက်မှာလည်း လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ကျေးရွာတွေဘက်ကို အများဆုံးပစ်ခတ်နေတာ” ဟု ဒေသခံ စစ်ဘေးရှောင်က ဆိုသည်။

ပုံစာ- မီးလောင်နေတဲ့ပေါက်တေားရွာအား ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်

#ကျောက်တော်မြို့နယ် #မဟာမုနိဘုရားကြီး #ကျေးရွာများ #စစ်ကောင်စီတပ် #ဗုံးကြဲတိုက်ခိုက် #လက်နက်ကြီးဖြင့်ပစ်ခတ် #ကျေးရွာအချို့မီးလောင် #Ayeyarwaddy_Times