
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမှ နာဖော့စစ်စခန်းသို့ စစ်ကူနှင့်ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ ဂန်ဒေါင်ယာန်တပ်စခန်း သိမ်းပိုက်ခံရပြီး နောက် နာဖော့တပ်စခန်းသို့ ထောက်ပို့လမ်းကြောင်း ခက်ခဲသွားသည့် အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က ရဟတ်ယာဉ်ဖြင့် စစ်ကူနှင့်ရိက္ခာပို့စဉ် KIA က ပစ်ချခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် နေ့လယ်ပိုင်းတွင် နာဖော့စစ်စခန်းမှ ထွက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“နာဖော့မှာ တိုက်ပွဲဖြစ်နေတယ်။ ရဟတ်ယာဉ်ပစ်ချ မခံရခင်က အဲဒီဘက်မှာ တိုက်ပွဲတွေမရှိဘူး။ အဲဒီနေ့က နာဖော့ကဆင်းလာတဲ့ စကစ(စစ်ကောင်စီ)တပ်သားတွေနဲ့ KIA ထိပ်ထိုက်တွေ့ပြီး တိုက်ပွဲပြင်းထန်နေတာ။ ညဘက် တွေမှာလည်း လိုင်ဇာကို ဗုံးတွေလာကြဲတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် နာဖော့အထက်ပိုင်း KIO ထိန်းချုပ်နယ်မြေ လိုင်စင်တောင် ဘက်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီး ညပိုင်းတွင် မိုးမောက်မြို့နယ်၊ နွမ်လန်းနှင့် ခန်းကိုင်ဘွမ်ရှိ စစ် ကောင်စီတပ်စခန်းများဘက်မှ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း လိုင်ဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးထံက သိရသည်။
ပစ်ချခံရသည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်တွင် လေယာဉ်မောင်းသူ DSA အပတ်စဉ် ၄၅ ဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်း ဆီးရမိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက ရဟတ်ယာဉ်ပေါ်တွင် ပါရှိသူ စီးနင်းလိုက်ပါလာသူ ခြောက် ဦးစလုံးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ- ပစ်ချခံရမှုကြောင့် Mi 17 ရဟတ်ယာဉ် ပျက်ကျသည့်နေရာအား တွေ့ရစဉ်
#ကချင် #နာဖော့စစ်စခန်း #စစ်ကောင်စီတပ် #KIAတိုက်ပွဲပြင်းထန် #Ayeyarwaddy_Times