မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ရှမ်းမြောက်၊ လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)သည် ကိုးကန့်တပ်မတော် (MNDAA) ထံသို့ လက်နက်ချအညံ့ခံပြီးနောက် ဒကစအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့၀င်များနှင့် မိသားစု၀င် ၃၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒကစအတွင်းရှိ လက်နက်ချအညံ့ခံလာသည့် တပ်ဖွဲ့၀င်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ၀န်ထမ်း များနှင့် တပ်မိသားစု၀င်များစုစုပေါင်း ၃၇၂၄ ဦးကို လိုရာသို့ ခရီးသို့သွားနိုင်ရန် ကားများဖြင့်စီစဉ်ပေးလျက်ရှိသည်ဟု လောက်ကိုင်မြို့ရှိ ဒေသခံများ ၏ လူမှုကွန် ရက်စာမျက်နှာများတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

လောက်ကိုင်မြို့ကို မဟာမိတ်ညီနောင်အဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လက်နက်ချအညံ့ခံထဲ့ပြီး လားရှိုးမြို့သို့ပို့ရန် စီစဉ်ပေးနေသည့် ရုပ်သံဖိုင် များထွက်ပေါ်လာသော်လည်း စစ်ကောင်စီတပ်၏ ဝါဒဖြန့်လော်ဘီများမှ လောက်ကိုင် ဒကစ လုံး၀မကျသေးဘဲ တပ်မိသားစု ၀င်များ ရွှေ့ပြောင်းခြင်းသာ ဖြစ်ကြောင်း ရေးသား ဖော်ပြလျက်ရှိသည်။

“လောက်ကိုင်ဒကစကျသည်ဆိုခြင်းမှာ လုံး၀(လုံး၀) မဟုတ်ကြောင်းနဲ့ တပ်မတော် အနေနဲ့စစ်ရေးအရ ဆုတ်ခွာပေးတာကို နိုင်ပြီဆိုပြီး အားရ၀မ်းသာရေး နေကြတာ။ လောက်ကိုင်ဒေသက နယ်မြေခံတပ်တွေကို အနားပေးတဲ့သဘောဖြစ်ပြီး နယ်မြေအနေအထားအရသာ ဆုတ်ပေးခဲ့ရတဲ့သဘောဖြစ်တယ်။ အခုချိန် ထိလည်း လောက်ကိုင်မှာ ခြေလျင်/မြန်တပ်တွေရှိပါ သေးတယ်။ မကြာခင်မှာစစ်ဆင်ရေး စလာပါလိမ့်မယ် စောင့်ကြည့်ပါ။ ဘယ်စစ်သားမှရန်သူ့ထံအညံ့မခံဘူး” ဟု စစ်တပ်ဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထား သည်။

အဆိုပါလောက်ကိုင်မြို့မကျစေရေးအတွက် စစ်ကောင်စီက စစ်ကူများအနေဖြင့် တပ်မ (၅၅) အပါအဝင် အခြားတပ်မများကို စေလွှတ်ခဲ့ပြီးနောက် ယခုလိုလက်နက်ချ အညံ့ခံ ခဲ့ကြခြင်း ဖြစ်သည်။

လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်၏ ‌ဒကစလက် အောက်ခံတပ်များဖြစ်သည့် အမှတ် ၁၂၅၊ ၁၂၉၊ ၁၂၇၊ ၁၂၈၊ ၂၃၉၊ ၃၂၂ ဟူ၍ ခြေလျင်နှင့် ခြေမြန် တပ်ရင်း ခုနစ် ခုရှိပြီး အမှတ် ၁၂၅ နှင့် ၁၂၉ တို့သည် MNDAA တပ်ဖွဲ့ထံ တပ်ရင်းလိုက် လက်နက်ချခဲ့ကြ ပြီး အမှတ် ၁၂၇ နှင့် ၃၁၂ တို့သည် ကွမ်းလုံတိုက်ပွဲအတွင်း သိမ်းပိုက်ခံခဲ့ရကာ ကျန်သည့်တပ်ရင်းများ ကို ယခုရက်ပိုင်းအတွင်း ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- လောက်ကိုင်ဒကစမှ စစ်ကောင်စီတပ်သားများကို ကားများဖြင့် လားရှိုးမြို့သို့ ပို့ဆောင်နေစဉ်

#ရှမ်းမြောက် #လောက်ကိုင် #စစ်ကောင်စီဒကစ #တပ်ရင်းများ #လက်နက်ချ #တပ်မိသားစုများ #ရွှေ့ပြောင်းပေး #လော်ဘီများဝါဒဖြန့် #Ayeyarwaddy_Times