ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

စစ်ကောင်စီက ယနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းဖြင့်လွှတ်ပေးသည့် အကျဥ်းသား ကိုးထောင်ကျော်တွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ပါဝင်လွတ်မြောက်လာကြောင်းသိရသည်။

၎င်းတို့နှစ်ဦးသည် စစ်ကောင်စီက မူလက စွဲဆိုထားသည့် တင်ဒါတင်သွင်းခြင်းမရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသည့် အမှုဖြင့် ၂၀၂၁ ဖေဖော်ရီလကတည်းက တရားစွဲဆို၍ ထောင်ဒဏ် နှစ် နှစ်ချမှတ်ခဲ့သည်။

ဒေါက်တာရဲလွင် သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလက လွတ်ရက်စေ့ပြီးဖြစ်သော်လည်း စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးမှုဖြင့် ထပ်တိုးတရားစွဲကာ ဖမ်းဆီး ထောင်ချထားခြင်းဖြစ်သည်။

ထိုအတူ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုလည်း မန္တလေး စည်ပင်တွင် တာဝန်ထမ်းဆောင်ချိန်က အလွဲသုံးစားလုပ်သည်ဟုဆိုကာ အမှုထပ်တိုးခဲ့သည်။

ယနေ့တွင် စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များမှ အကျဥ်းသား ကိုးထောင်ကျော် (၉၆၅၂) ဦးကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်း ချမ်းသာခွင့်ပြု၍လွှတ်ပေးခဲ့ပြီး လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဥ်းသား အနည်းအကျဉ်းသာ ပါရှိကြောင်း သိရသည်။

ပုံစာ-မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ
#မြို့တော်ဝန်ဒေါက်တာရဲလွင် #လွတ်မြောက် #လွတ်ငြိမ်း #Ayeyarwaddy_Times