
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် နွေဦးတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ ကူညီသည်ဟု စစ်ကောင်စီတပ်က စွပ်စွဲ ဖမ်းဆီးထားသူ အများအပြားရှိလာကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ဧည့်စာရင်းများ စစ်ဆေးရာတွင် ဖုန်းများသိမ်းယူ၍ စစ်ဆေးခြင်း၊ လမ်းခရီးသွားများ၏ ဖုန်းများ တောင်းယူ စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဖုန်းအတွင်း နိုင်ငံရေးနှင့် ပတ်သတ်မှုရှိ/မရှိ ၊ KPay ၊ Wave ရှိမရှိနှင့် ငွေလွှဲငွေထုတ်များကို စစ်ဆေး၍ စွပ်စွဲဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်းသိရသည်။
“အဓိက ကတော့ အလုပ်ပြနေတာဗျာ။ မအူပင်မြို့က ဒီလောက်အေးချမ်းနေတာ၊ ဘာတော်လှန်ရေးသမားမှမရှိဘူး။ တကယ် စစ်ကောင်စီကိုပြန်တိုက်ချင်တဲ့သူက မြို့ထဲမှာမနေဘူး။ အဲဒါကိုအကြောင်းအမျိုးမျိုးပြ အလုပ်မရှိအလုပ်ရှာပြီး ပိုက်ဆံရအောင်လုပ်နေတာ” ဟု မအူပင်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ကမအူပင်မြို့ အမှတ် (၂)ရပ်ကွက် ဓမ္မာရုံ ဘုန်းကြီးကျောင်းလမ်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးအား တော်လှန် ရေးနှင့် ဆက်စပ်သူများကို ငွေလှုဒါန်းထားသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
“စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားသူတွေကို ငွေကြေးတောင်းယူပြီးပြန်လွှတ်ပေးနေတာရှိတယ်။ အခုက နိုင်ငံရေးလုပ်လုပ် မလုပ်လုပ် ငွေရှိပြီး စစ်ကောင်စီတပ်တွေနဲ့ အကျွမ်းတဝင်မရှိတဲ့သူဆို အဖမ်းပြ ငွေတောင်းပြန်လွှတ်ပေးနေတာ။ ဖမ်းဆီးခံရတဲ့သူတွေဆီက အနည်းဆုံး ၁၀ သိန်းကနေ သိန်း ၂၀ လောက်အထိတောင်းယူပြီးပြန်လွှတ်ပေးနေတာ” ဟု မအူပင်မြို့ခံက ဆိုသည်။
မအူပင်မြို့တွင် စစ်ကောင်စီက နိုင်ငံရေးနဲ့ပတ်သက်သူများ တော်လှန်ရေးနှင့်ဆက်နွယ်သူများကို ငွေလှူဒါန်းသည်ဟု
စွပ်စွဲ၍ ဖမ်းဆီးထားသူ အယောက် ၂၀ ကျော်အထိရှိနေပြီး မအူပင်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့မပြောင်းရွှေရရေးအတွက် တမင် အလုပ်ပြကာ လုပ်ကြံဖန်တီးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ပြောကြားသည်။
#မအူပင်မြို့ #တော်လှန်ရေးအင်အားစုများ
#ထောက်ပံ့ #စွပ်စွဲဖမ်းဆီးခံရသူများပြား
#Ayeyarwaddy_Times