ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ချင်းပြည်နယ်၊ ပလက်၀ဒေသအတွင်းရှိ ခမောင်း၀ စခန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ချအညံ့ မခံသေးဘဲ ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်များကို ယခုတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဟု AA ကထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီ၏ ခမောင်း၀ စခန်းကို ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တပြိုင်နက်တည်းတွင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က ၎င်းဗျူဟာကုန်းမကျစေရေး အတွက် ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းမှအပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေသည့်အပြင် ကျောက်တော်အခြေစိုက် စခန်းများမှလည်း အတွဲ လိုက်ဒုံးများဖြင့် ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ မြောက်တောင်ရွာ အတွင်းသို့ စစ်ကောင်စီက ဒရုန်းဗုံးများဖြင့် (၃) ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ရာ ကျေးရွာအတွင်းကျ ရောက်ပေါက်ကွဲပြီး အသက် သံုးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး ​လေး ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားကျိန်းတောင်အခြေစိုက် စစ် ကောင်စီ၏ ခမရ ၃၈၀၊ ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တပ်ရင်းများမှ မင်းပြားမြို့ထဲသို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်တော်သာရပ်ကွက် အတွင်းရှိ နေအိမ်များနှင့် စာသင်ကျောင်းများပျက်စီး ပြီး မင်းပြားမြို့မဈေးနှင့် ဆေးရုံကြီးအနီးတွင်လည်း ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုနှစ်သစ်ကူးကာလတွင် ရခိုင်ပြည် နယ်ရှိ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြေပုံမြို့နှင့် စစ်တွေမြို့များအတွင်းသို့ စစ်အင်အား တိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း AA က ဆိုထားသည်။

ပုံစာ- စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းကို AAမှတိုက်ခိုက်သိမ်းပိုက်ရရှိထားစဥ်(ပုံဟောင်း)

#ချင်း #ပလက်၀ #စစ်ကောင်စီတပ် #ခမောင်း၀ #ဗျူဟာ ကုန်း #AAသိမ်းပိုက် #ကျန်ရှိတပ်စခန်းများ #တစ်ပတ်အတွင်းချေမှုန်းမည် #Ayeyarwaddy _Times