ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ ဇန်နဝါရီလ ၃ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် လက်ပံချောင်းကျေးရွာနေ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အရပ်သား ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်မှ ဇန်နဝါရီလ ၃ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြောက်ပိုင်းသို့ ၁၂၀ မမ ၊ ၁၆၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ လက်ပံချောင်းကျေးရွာတွင်းသို့ နှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်ချို့လည်း ပျက်စီးခဲ့သည်ဟု သိရသည်။
“ဒီမနက် ၁၀နာရီဝန်းကျင်မှာ တစ်ကြိမ်ကျတယ်။ ကျကျချင်း လူငါးယောက် ထိသွားတယ်။ တအောင့်နေတော့ ဒုတိယ အလုံးထပ်ကျတယ်။ နေအိမ်တစ်ချို့နည်းနည်းထိတယ်။ လူ နှစ်ယောက်ထပ်ထိတယ်။ အဲ့မှာ ကလေး နှစ်ယောက်ထိတာ။ တစ်ယောက်က ဒဏ်ရာပြင်းလို့ ရွာထဲက ဆေးခန်းကိုပို့တာ။ မွန်းတည့်လောက်မှာ ဆုံးသွားတယ်။ ထိခိုက်ထားသူတွေကို ဆေးရုံတင်ထားပါတယ်” ဟု လက်ပံချောင်းကျေးရွာနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ယခုနှစ် ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာတွင် အရပ်သားသေဆုံးမှု လေးဦးရှိကာ၊ ထိခိုက်ဒဏ်ရာရမှု ၁၀ကြိမ် ထက်မနည်းရှိသည်ဟု သိရသည်။
#လက်နက်ကြီးပစ်ခတ် #စစ်ကောင်စီ #လက်ပံချောင်း #ကလေးမြို့နယ် #ကလေးငယ်သေဆုံး #အရပ်သားထိခိုက် #Ayeyarwaddy_Times