ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

အာဏာသိမ်း စစ်ကောင်စီက အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်ဝင်ငွေအများ ဆုံးရနေသည်ဟု ဆိုထားသော်လည်း အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းမှုများရှိကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းမှ နိုင်ငံပေါင်း ၁၀၀ ကျော်ကို CMP စနစ် (အထည်ချုပ်လက်ခစား) စနစ်ဖြင့် တင်ပို့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံတန်ဖိုး တင်ပို့နိုင်ကြောင်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလအတွင်း အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်ဝင်ငွေအများဆုံးရရှိနေသည်ဟု ဆိုထားသော်လည်း တစ်ဖက်တွင် စက်ရုံပိတ်သိမ်းမှုများရှိကာ အထည်ချုပ်စက်ရုံ လုပ်သားများ အလုပ်လက်မဲ့များ ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ သုံး ရုံပိတ်သိမ်းခဲ့ရပြီး အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ပေါ်ကြောင်းသိရသည်။

လက်ရှိအထည်ချုပ်တင်ပို့ရာနိုင်ငံများတွင် ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ UK ၊ နယ်သာလန်၊ အီတလီ၊ USA၊ ပြင်သစ်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ပါဝင်သည်။

၂၀၂၂ ခုနှင်တွင် မြန်မာ့ပို့ကုန်များအနက် အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်တင်ပို့မှု တိုးတက်လာပြီးအမေရိကန်ဒေါ်လာ သန်း ၆၀၀၀ နီးပါးရရှိကြောင်း ယခုနှစ်ထုတ် ကမ္ဘာဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ပဋိပက္ခများ၊ မြင့်မားသောကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာစည်းမျဉ်းများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများကြောင့် စီးပွားရေးကုန်ကျစရိတ်အပေါ်ထပ်မံကုန်ကျမှုများကြောင့် နိုင်ငံတကာနှင့် ဈေးကွက်ယှဉ်ပြိုင်မှုလျော့နည်းသွားကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

ယင်းပြင် ကျွမ်းကျင် လုပ်သားသမားများက အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်း လုပ်ကိုင်ရန် ထွက်ခွာနေကြသဖြင့် လုပ်သားရှားပါးမှု အခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုထားသည်။

လက်ရှိ CMP အထည်ချုပ်စက်ရုံများအတွက် အထည်အလိပ် ကုန်ကြမ်း၉၀ ရာခိုင်နှုန်းကျော်ကို လုပ်ငန်းအပ်နှံသည့် နိုင်ငံများက တရုတ်နိုင်ငံဈေးကွက်မှ တဆင့်တင်ပို့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းတွင် အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး ယင်းထဲမှ ၅၄၆ ရုံက လည်ပတ်နေပြီး ကျန် ၂၇၁ ရုံက လည်ပတ်မှုရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းထံက သိရသည်။

အဆိုပါလုပ်ငန်းလည်ပတ်နေ‌သောစက်ရုံ ၅၄၆ ခုအနက် တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ ၃၁၁ ရုံရှိကြောင်း ယင်းအသင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘာကျော်ဖက်ရှင်နှင့် အဝတ်အထည်ကုမ္ပဏီများဖြစ်သည့် Inditex ကုမ္ပဏီ၊ Primark ကုမ္ပဏီ နှင့် Marks & Spencer ကုမ္ပဏီတို့သည် မြန်မာ့အထည်ချုပ်လုပ်ငန်းမှ တဖြည်းဖြည်းလျော့ချပြီး လုပ်ငန်းရပ်ဆိုင်းမည်ဖြစ်‌ကြောင်း ကြေညာထားသည်။

မြန်မာ့အထည်ချုပ်စက်ရုံများက ရင်းနှီးမြှပ်နှံမှုနှင့် တိုးချဲ့နိုင်ရေးအတွက်မဟုတ်ဘဲ ရပ်တည် ရှင်သန်းရေးကိုသာပိုပြီးအာရုံစိုက်နေရကြောင်း ယခုနှစ်ကမ္ဘာဘဏ်၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၈ ဘီလီယံရရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အထည်ချုပ်လုပ်ငန်း #ဝင်ငွေအများဆုံးရ #စစ်ကောင်စီ #အထည်ချုပ်စက်ရုံတချို့ #ပိတ်သိမ်းမှုများရှိ #အလုပ်လက်မဲ့များရှိ #Ayeyarwaddy_Times