ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား တစ်ဦးသည် ဆေးကုသခွင့်မရသောကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူမှာ ဖျာပုံဇာတိ၊ အသက် ၃၀အရွယ်ရှိ ကိုစံလင်းစံဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

” ထောင်က သေဆုံးကြောင်း ၃၀ရက်နေ့မှ အကြောင်းကြားတာ ဘယ်အချိန်မှာ ဆုံးလဲတော့မပြောဘူး။ သူက ဦးခေါင်းမှာ ရေအိတ်တည်နေလို့ တစ်ခါခွဲစိတ်ဖူးတယ်။ ခုလဲ အဖမ်းခံရပြီးကတည်းက အဲ့ရောဂါ ခံစားနေရတာ ဖျာပုံထောင်မှာရော ပုသိမ်ထောင်မှာပါ ဆေးကုသဖို့ခွင့်တောင်းတာ မပေးဘူး။ အဲ့ရောဂါနဲ့ပဲဆုံးရတာ”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဖျာပုံမြို့မှ မိသားစုများက ကိုစံလင်းစံ ၏ ရုပ်အလောင်းကို ဇာတိမြို့သို့ ပြန်လည် ယူဆောင်ရန် လာရောက်တောင်းယူနေကြောင်း သိရှိရသည်။

လက်ရှိကွယ်လွန်သွားသူ ကိုစံလင်းစံသည် ဖျာပုံ PDFအဖွဲ့၀င်တစ်ဦးဖြစ်ပြီး ၄င်းနှင့်အတူ လူငယ် ခြောက်ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစံလင်းစံအပါအ၀င် ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကိုဝဏ္ဏထွန်းတို့ကို၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂၀ ရက်နေ့တွင်
ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ -၁(ခ)ဖြင့် သေဒဏ်ချမှတ်ခဲ့သည့်အပြင်၊ အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ဒဏ် ၄၅ နှစ်
ချမှတ်ခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများကပြောသည်။

လက်ရှိ ပုသိမ်အကျဥ်းထောင်တွင်သေဆုံးသွားသော ကိုစံလင်းစံအပါအ၀င် စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ရှိနေကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှသိရှိရသည်။

ဓာတ်ပုံ-ပုသိမ်ထောင်တွင် သေဆုံးခဲ့သည့် ကိုစံလင်းစံ

#ပုသိမ်ထောင်တွင် #ဆေးကုသခွင့်မရ #နိုင်ငံရေးအကျဉ်းသား #သေဆုံး#Ayeyarwaddy_Times