ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအား သွားကြိုသည့် ချင်းလူငယ် နှစ်ဦးသည် ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်း နှင့် ရဲစခန်းအား ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သွားမည်ဟု သတင်းများထွက်ပေါ်လာ၍ မြို့နေ ပြည်သူအချို့သည် မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်အား သွားကြိုသည့် ချင်းလူငယ် နှစ်ဦးသည် ရေချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သူတို့က အထက်ဘလိုင်ရွာထိ စစ်ဘေးရှောင်ကို သွားကြိုဖို့သွားတာပါ။ သူတို့သွားကြိုတဲ့ စစ်ဘေးရှောင်တွေ ရောက်မလာသေးလို့ ရွာမှာ ခဏနားနေရင်း ရေချိုးရာကနေ တစ်ယောက်က ရေနစ်လို့ နောက်တစ်ယောက်က သွားကယ်ရင်း နှစ်ယောက်စလုံး ရေနစ်သွားကြတာပါ “ဟု သေဆုံးသူများနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေနစ်သေဆုံးခဲ့သည့် ချင်းလူငယ် နှစ်ဦးသည် ပိုက်တေကျေးရွာမှ အသက် ၁၆ နှစ်အရွယ် Beipathai နှင့် chhua chhua ဖြစ်ပြီး ၎င်းတို့သည့် အထက်ဘလိုင်ကျေးရွာမှဖြစ်ကြောင်း သိရသည်

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် ပိုက်တေကျေးရွာနှင့် အခြားကျေးရွာရှိ ဆွေမျိုးများရှိရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် လာရောက်ကြသူများ ဖြစ်သည်။

လက်ရှိ ပလက်ဝမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်း နှင့် မြို့အနီး ပတ်ဝန်းကျင် တောင်ကုန်းပေါ်ရှိ ရက္ခိုင့်တပ်တော်(AA) တို့ နှစ်ဖက်အပြိုင်အလှန်လက်နက်ကြီးပစ်ခတ်မူများရှိနေပြီး မြို့ပေါ်နေ ပြည်သူအချို့သည် တိုက်ပွဲပြင်းထန်မည်ကို စိုးရိမ်နေကြပြီး မြို့ကိုစွန့်ခွာကာ အခြားမြို့၊ ရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသူများ တစ်ရက်ထက်တစ်ရက် ပိုများနေကြောင်း သိရှိရသည်။

#ချင်းပြည် #ပလက်ဝ #စစ်ဘေးရှောင် #ချင်းလူငယ်နှစ်ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times