နွေဦးမောင်/ ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ၂၆ ရက်

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ဘုရား၊ စေတီပုထိုး များနှင့် လူနေ ရပ်ကွက် ကျေးရွာများကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး လက်နက်ကြီးများနှင့်ပါ ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ ထိထိရောက်ရောက် တုံ့ပြန် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကြိုပမ်းဆောင်ရွက်နေမှုကိုသိရှိသော်လည်း ယခုကဲ့သို့တိုက် ခိုက်ခဲ့ခြင်းကြောင့် သုတေသနပြတိုက်အတွင်းမှ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဘုန်းကြီးကျောင်း သုံးကျောင်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မနေ့(ဒီဇင်ဘာ၂၅ရက်)ကတည်းက ပြေးနေရတာ။ ရှေ့ဟောင်းအမွေနှစ် ဘုရား စေတီပုထိုးတွေတင်မဟုတ်ဘူး။ လူနေရပ်ကွက် အိမ်ကျေးရွာတွေကိုပါ လေယာဥ်နဲ့ စစ်ကောင်စီက ဗုံးကြဲနေတာ။ ကျောက်တော်မြို့ မာလာကျေးရွာ ကိုလည်း ည ၁၂ နာရီက နှစ်ကြိမ် မနက် လေးနာရီက တစ်ကြိမ်လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်” ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်း များ ဖြစ်ကြသော ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့သည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနိကအဆောက်အအုံတို့ကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်၅နာရီ ၃၀မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

“ကျောက်တော်တပ်မရယ်၊ အဲ့ဒီအနားက ခမရ (၃၇၆) ၊ (၃၇၅) ၊ (၃၇၄) တပ်တွေကပါ အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ လက်ရှိတော့ ကျွန်တော်တို့မိသားစုအပါအဝင် ကျေးရွာတွေထဲကလူတွေ ရွာတွေကိုစွန့်ပြီး ဘေးလွတ် ရာ နေရာတွေပြေးနေရတယ်” ဟု ကျောက်တော်ဒေသခံ အမျိုးသားက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော် မြောက်ဦးနှင့်မင်းပြား ဒေသခံပြည်သူတွေမှာ ဘေးလွတ်ရာတွေမှာ စစ်ဘေးရှောင်နေကြရပြီး ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် လုပ်သင့် လုပ်ထိုက် သည်များကို ထိထိရောက်ရောက် တုံ့ပြန် လုပ်ဆောင်သွားမည်ဟု သိရသည်။

ပုံစာ-ရက္ခိုင့်တပ်တော်(ULA/AA) ပုံဟောင်း

#စစ်ကောင်စီတပ် #ရခိုင်ပြည်နယ် #ရိုးရာအမွေနှစ် #ဘုရားစေတီပုထိုးများ #ဗုံးကြဲတိုက်ခိုက် #ULA/AA #ထိထိရောက်ရောက်တုံ့ပြန်မည် #Ayeyarwaddy_Times