
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာ ၂၅ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီးသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ အနီးသို့ အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာနေတယ်ဆိုတာသိတယ်။ ဘယ် နားရောက် နေမှန်းကိုတော့မသိဘူးပေါ့လေ။ အရပ်ဝတ်နဲ့ စစ်ကြောင်းထိုးလာ ကြတာဆိုတော့မသိဘူး။ အဲဒီအချိန်မှာ အရပ်ဝတ်နဲ့ အိပ်နေတဲ့ကောင်တွေ(စစ်ကောင်စီတပ်သား)ကို နှိုးတာ။ အိပ်နေတဲ့ကောင်က ဗမာလို နဲ့ ငါမထဘူးဆိုပြီး ပြန်ဆဲမှ စစ်ကောင်စီ တပ်သားတွေမှန်းသိတာ။ အဲ့ဒီမှာ အနီးကပ် ပစ်ကြတာ။ နှစ်ကောင်တော့ ပွဲချင်း ပြီးသွားတယ်” ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ် LLPDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် မိနစ် ၃၀ ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြခဲ့ပြီး စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ထိုနောက် စစ်ကောင်စီတပ်သည် စစ်ပြဲကျေးရွာအတွင်းသို့ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဒေသခံများ၏ နေအိမ်အချို့မှ အဖိုးတန်ပစ္စည်းများနှင့် ဆိုင်ကယ် ငါး စီးကို ခိုးယူသွားကြောင်း ဒေသခံများထံက သိရ သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( LLPDF) ၊ ထားဝယ်နဂါးတပ်ခွဲ-၁ ၊ Guerilla Dawei နှင့် ထားဝယ်နဂါးတပ်ခွဲ-၅ တို့ မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာ လာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ ၊ LLPDF
#လောင်းလုံး #စစ်ပြဲကျေးရွာ #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #ပစ်ခတ်တိုက်ခိုက် #၂ဦးသေ #Ayeyarwaddy_Times