ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ချင်းပြည်နယ်၊ ဟားခါမြို့နယ် ဘုံဇုံးကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ စခန်းတာဝန်ခံ ဗိုလ်ကြီး တစ်ဦးအပါဝင် တပ်ဖွဲ့ဝင် ခြောက်ဦးကို အရှင်ဖမ်းမိထားကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)ထံက သိရသည်။

စစ်ကောင်စီ၏ အင်အား ၃၈ ဦးဖြင့် တပ်စွဲထားသည့် ဘုံဇုံးတပ်စခန်းကို ချင်းအမျိုး သားတပ်မတော် (CNA) စစ်ဦးစီးချုပ် ဦးဆောင်ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးကာ အရှင် ခြောက် ဦး ဖမ်းဆီးရမိထားပြီး ၂၄ ဦးမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

” CNA စစ်ဦးစီးချုပ် ရေးဆွဲတဲ့ ဗျူဟာနဲ့ စခန်းတိုက်တာဖြစ်ပါတယ်။ စခန်းသိမ်း တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ရှစ် ဦးသေဆုံးတယ်။ စခန်းတာဝန်ခံ ဗိုလ်ကြီး တစ်ဦးအပါဝင် ခြောက် ဦး အရှင်ဖမ်းမိတယ်။ ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားကြတယ်။ လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိတယ်။ စာရင်း အတိကျတော့ မသိရသေးဘူး” ဟု CNA တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲ တိုက်ခိုက် ခဲ့၍ ချင်းလဲန်ကာကွယ်ရေးတပ်-ဟားခါးမှ ရဲဘော် နှစ် ဦး ကျဆုံးပြီး ချင်းအမျိုးသား တပ်မတော်(CNA) ရဲဘော် ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဘုံးဇုံးစခန်းသိမ်း တိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းလဲန်ကာကွယ် ရေးတပ်-ဟားခါး၊ ချင်းလဲန်ကာကွယ်ရေးတပ်-ထန်တလန် နှင့် ချင်းလဲန်ကာကွယ်ရေး တပ်-ကလေး ဂန့်ဂေါ ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဘုံဇုံးစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံရဲများ ပူးတွဲရှိနေသည့် ဂိတ်စခန်း တစ်ခုဖြစ်သည်။

ပုံစာ-စစ်ကောင်စီ၏ ဘုံဇုံးစခန်း နှင့် အရှင်ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကိုတွေ့ရစဉ်
#ချင်းပြည် #ဟားခါး #ဘုံဇုံးတပ်စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံး #စခန်းတာဝန်ခံဗိုလ်ကြီး #၆ဦးအရှင်ဖမ်းဆီး #၂၄ဦးထွက်ပြေး #Ayeyarwaddy_Times