ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

စစ်ကောင်စီ အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကြာကာလတွင် မြန်မာနိုင်ငံရှိလူဦးရေ ၁၈ ဒသမ ၆ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားမှု အကူညီများ လိုအပ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကမ္ဘာကုသမဂ္ဂအဖွဲ့ (UN) က ထုတ်ပြန်သည်။

UN က မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နှင့် တုံ့ပြန်မှု အစီအစဉ် ၂၀၂၄ ခုနှစ် အစီရင်ခံစာကို ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်၌ လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိလူပေါင်း ၅ ဒသမ ၃ သန်းကို ဦးစားပေးပြီး လူသားချင်းစာနာ ထောက်မှုအကူညီများပေးရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုအကူညီလိုအပ်သူများတွင် ကလေးများအဓိကပါဝင်ပြီး ကလေး ၆ သန်းကျော်က နေရာရွှေ့ပြောင်းရမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး မရှိခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှုအပါအဝင် အာဟာရချိုတဲ့မှု၊ စစ်သားအဖြစ် စုဆောင်းခံရနိုင်မှုနှင့် စိတ်ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း UN၏ အစီရင်ခံစာတွင် ပါဝင်သည်။

ထို့ပြင် စီးပွားရေးအခြေအနေများကြောင့် မိသားစုများတွင်ငွေကြေး အကျပ်အတည်း မြင့်တက်လာသဖြင့် ရင်ဆိုင်နိုင်မှုများကအကန့်အသတ်ရှိနေပြီဖြစ်ကြောင်းလည်း UN က ဆိုထားသည်။

ကျန်းမာရေးကဏ္ဍတွင် အကျပ်အတည်းများကြုံတွေ့ရကာ သန်းနှင့်ချီသောပြည်သူက လုံခြုံမှုမရှိဘဲနေထိုင်နေရပြီး မသန့်ရှင်းသောရေများကို သောက်သုံးနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီ အာဏာသိမ်းခြင်း၏ ဆိုးကျိုးများကို အမျိုးသမီးများ၊ မိန်းကလေးများ မသန်စွမ်းများနှင့် ရိုဟင်ဂျာများလည်း ခံစားနေရပြီး အန္တရာယ်ရှိသည့် ပတ်ဝန်းကျင် တွင်နေထိုင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ၁၅ နှစ်က ဖြစ်ပေါ်ခဲ့သည့်အတိုင်း ဖွံ့ဖြိုးတိုးတက်မှုများ လျော့ကျပြီး ဆင်းရဲမွဲတေမှုမြင့်တက်နေကြောင်း UN၏ မြန်မာနိုင်ငံလူသားချင်းစာနာမှု အကူအညီလိုအပ်ချက်နှင့် တုံ့ပြန်မှု အစီအစဉ် ၂၀၂၄ ခုနှစ် အစီရင်ခံစာက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#UNအစီရင်ခံစာ #မြန်မာ့လူဦးရေ၁၈ဒသမ၆သန်း #လူသားချင်းစာနာထောက်ထားမှု #အကူအညီလိုအပ် #Ayeyarwaddy_Times