
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် CDMဝန်ထမ်းများနှင့် ပြည်သူအချို့ကိုဖမ်းဆီးရာ၌ ငွေကြေးတောင်းယူခဲ့သည့် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှ ဗိုလ်မှူးနှင့်ဗိုလ်ကြီးအပါအဝင် အရာရှိ ငါးဦးကို တိုင်းစစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရသည်။
နတခမှ စစ်ကောင်စီတပ်အရာရှိများသည် ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်းက တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့သည်ဟု အကြောင်းပြကာ ဧရာ၀တီတိုင်းအတွင်းရှိ ဒေသခံ ၁၄ ဦးကို ဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် စစ်ကောင်စီတပ်တွင်း သတင်းအရင်းအမြစ်ထံကသိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးငွေညှစ်ခြင်း ခံခဲ့ရသူများမှာ မြောင်းမြမြို့ရှိ CDM ကျောင်းဆရာမ နှစ်ဦး၊ အသုတ်မြို့ရှိ အမျိုးသား တစ်ဦး၊ မြန်အောင်မြို့နယ် တညင်းကုန်း ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး၊ ဓနုဖြူမြို့နယ် ကျုံတနော်ကျေးရွာမှ အမျိုးသမီး တစ်ဦး၊ အိမ်မဲမြို့မှအမျိုးသမီးတစ်ဦး၊ ကျုံမငေးမြို့မှအမျိုးသားနှစ်ဦး ၊ ငပုတောမြို့ခံ အမျိုးသားတစ်ဦး၊ ပုသိမ်မြို့ခံအမျိုးသား နှစ်ဦးနှင့် အမျိုးသမီးသုံးဦး တို့ဖြစ်ကြောင်း သိရသည်။
“ CDMနဲ့ PDF ထောက်ပို့လုပ်တဲ့သူတွေကို ဖမ်းပြီး ငွေညစ်တောင်းတဲ့ အရာရှိတွေကို အကုန်လုံးကို တိုင်းစစ်ကောင်စီကဖမ်းပြီး စစ်နေတယ်။ အချင်းချင်းမကျေနပ်လို့ တိုင်ကြတာ။ သူတို့ကို နတခ ဝင်းထဲမှာ တပ်အချုပ်လုပ်ထားပြီး စစ်တယ်” ဟု တိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့ဖမ်းဆီးခဲ့မှုအတွင်း ပြန်လည် လွတ်ပေးမည်ဟု ဆိုကာတစ်ဦးလျှင် ငွေ ၁၀သိန်းကျပ် မှ ၂၀သိန်းကျပ်အထိ တောင်းယူခဲ့သည့် ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး ၊ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး နှင့် ဗိုလ်အဆင့်ရှိသူ သုံးဦးတို့ကို တိုင်းစစ်ကောင်စီမှ ဖမ်းဆီးကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဝင်း အတွင်းစစ်ဆေးနေကြောင်း တိုင်းစစ်ကောင်စီသတင်းရင်းမြစ်ထံကသိရသည်။
လက်ရှိ စစ်ဆေးနေသူများကို တပ်တွင်း စစ်ဆေးမှုများပြီးဆုံးပါက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ရှေ့တန်းစေလွှတ်သွားရန် ရှိနေကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့်တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။
“ စစ်ဆေးတာတွေပြီးရင် ရှေ့တန်းပို့ဖို့ရှိတယ်။ ဘယ်တော့လဲတော့ မပြောတတ်ဘူး။ ထောင်ချမှာတော့မဟုတ်ဘူး။ တချို့ တပ်အရာရှိတွေဆိုရင် ရှေ့တန်းရောက်မှာ ကြောက်လို့ ငွေမတောင်းရဲတော့ဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတို င်းမ်ကို ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း CDM ဝန်ထမ်းအချို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ် များရှိနေပြီး တိုင်းစစ်ကောင်စီက CDMဝန်ထမ်း စောင့်ကြည့်ရေးအတွက် လျို့ဝှက်အဖွဲ့ ဖွဲ့စည်းကာ စောင့်ကြည့်မှုများရှိကြောင်း တိုင်းစစ်ကောင်စီ သတင်း ရင်းမြစ်ထံက သိရသည်။
CDMဝန်ထမ်း စောင့်ကြည့်ရေး လျို့ဝှက်အဖွဲ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးဇော်အောင်၊ ဗိုလ်မှူးကျော်ဟန်အေး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ရဲမှူးဝင်းအောင် တို့ပါဝင်ပြီး CDMဝန်ထမ်းကူညီရေးအဖွဲ့အစည်းများ၏ လူမှုစာမျက်နှာများကိုစောင့်ကြည့်ခြင်း၊ ထောက်ပို့ လုပ်ဆောင်သူများကို ထောက်လှမ်း ဖမ်းဆီးခြင်းနှင့် CDMဝန်ထမ်းမိသားစုများကို စောင့်ကြည့်ခြင်း တို့ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
#CDMဝန်ထမ်းများ #ပြည်သူအချို့ဖမ်းဆီး #ငွေကြေးတောင်းယူ #နတခအရာရှိ၅ဦး #ဗိုလ်မှူးနှင့်ဗိုလ်ကြီးအဆင့် #တိုင်းစစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times