ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ‌ဒီဇင်ဘာ ၁၇ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ Phoenix DF အဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်သားအင်အား ၂၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ကွင်းစမ်းရွာအနီးတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ခြောက်ဦးနှင့်အထက်သေဆုံးခဲ့ပြီး သေဆုံးတပ်သားအလောင်းနှင့် ဒဏ်ကာရရှိသူများကို ထော်လာဂျီဖြင့် သယ်ဆောင်ကာ ကွင်းကျယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ထပ်မံစစ်ကြောင်းထိုးလာ၍ အင်အား ၃၀ ပါ စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး ယခုအခါ နတ်တလင်းတွင် စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးမှုများပြုလုပ်နေကြောင်း သိရသည်။

“လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်း ထိုးနေပါတယ်။ ကျွန်တော်တို့ Phoenix DF မိုးကြိုးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်တော့ သူတို့တွေအထိနာတာမို့ စစ်ကြောင်းထိုးလာတာပါ။ တောင်ညိုရဲစခန်းကလာတဲ့ စစ်ကြောင်းကို စခန်းနဲ့ တစ်မိုင်ခန့်အကွာမှာ ပဒေသာမိုင်း ခြောက် လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့မှာတင် အထိအခိုက် အကျဆုံးတွေရှိတယ်။ မိုင်းဆွဲခံရပြီး ရွာထဲကို တပ်သားတွေက လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်” ဟု PDF တက်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

ထပ်မံ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း သုံး ကြောင်းသည် အောင်ချမ်းသာသစ်လုံးရွာ၊ တောင်ညိုဆယ် ကွင်းကျယ်ရွာဟောင်း နှင့် ကျောရှည်ရွာ များသို့ ရောက်ရှိနေကြောင်း သိရသည်။

ယခုအခါတွင် စစ်ကောင်စီက ပဲခူးရိုးမအတွင်းသို့ အဆက်မပြတ်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်များအနီးတွင်နေထိုင်ခြင်း၊ စစ်ကောင်စီတပ်သားများနှင့် သွားလာခြင်း၊ ဆက်သွယ် ခြင်းများ မလုပ်ရန် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၂ က သတိပေးထုတ် ပြန်ထားသည်။

ဓာတ်ပုံ – Phoenix DF

#နတ်တလင်း #စစ်ကောင်စီစစ်ကြောင်း #တောင်ညိုရဲစခန်း #စစ်ကြောင်းထိုး #မိုင်းဆွဲတိုက်ခိုက်ခံရ #PhoenixDF #Ayeyarwaddy_Times