
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
မြန်မာ – ထိုင်းနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်မှာ ရက်ပေါင်း ၅၀ ခန့်အထိ ကြာမြင့်လာပြီဖြစ်သည်။
ပွင့်လင်းရာသီတစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်မက်ဖြစ်ပွားရာ ဒေသများ အပါအဝင် ရန်ကုန်မြို့ဈေးကွက်အတွင်း အခြေခံစား သောက်ကုန်ဈေးနှုန်း များက အတက်အကျများကာလှုပ်ခတ်မှုအများဆုံးဖြစ်သည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်များအတွက် နိုင်ငံခြားငွေလဲလှယ် ရေးနှုန်းထားသတ်မှတ်ကို ပယ်ဖျက်လိုက်ကာ ငွေကြေးမူဝါပြောင်းလဲလိုက်သော်လည်း ဒေါ်လာဈေးနှင့်ဆက်စပ်နေသည့် ကုန်စည်များနှင့်ပတ်သက်ပြီး မူဝါဒထွက်ပေါ်လာခြင်း မရှိသဖြင့် ဈေးကွက်အပြောင်းအလဲများစွာဖြစ်ပေါ်လျက်ရှိသည်။
ယခုနှစ်ကုန် ဒီဇင်ဘာလနှစ်ပတ်အတွင်း ရန်ကုန်မြို့ကြီးအပါအဝင် မြို့ကြီးများနှင့် နယ်မြို့များအထိ စက်သုံးဆီ အမျိုးအစားအားလုံးပြတ်လပ်ပြီး စက်သုံးဆီ အရောင်းဆိုင် များရှေ့တွင် ညအိပ်တန်းစီစောင့်ဆိုင်းရသည့် အထိ စက်သုံးဆီရှားပါးမှု ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းအပါအဝင် နိုင်ငံခြားငွေလဲနှုန်း၊ အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းဈေးအမြင့်တွင် တည်ရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
စစ်ကောင်စီ နိုင်ငံခြားဝင်ငွေအဓိကရရှိရာ လမ်းကြောင်းများဖြစ်သည့် နယ်စပ် ကုန်သွယ် ရေးစခန်းများပိတ်နေပြီး စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေလျော့ကျနေသလို ဒေါ်လာ အိတ်စိုက် လဲလှယ်ပေးနိုင်ခြင်းမရှိတော့သည့် ဗဟိုဘဏ်ကဒေါ်လာဈေးကို ပြင်ပ ပေါက်ဈေး အတိုင်းလွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုသို့ အမေရိကန်ဒေါ်လာကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် နိုင်ငံခြား ငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ဈေးနှုန်းများ ချက်ချင်းမြင့်တက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ အဆိုပါထုတ်ပြန်ချက်မထွက်ခင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၂၀ ကျပ်ရှိပြီး ယင်းနေ့မှာပင် ကန်တစ်ဒေါ်လာ ၃၄၉၅ ကျပ်အထိ မြင့်တက်သွားကြောင်း ဈေးကွက် အတွင်းက သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ကျပ်လျှင် ၃၄၂၀ ကျပ်မှ ၁၆ ရက်နေ့တွင် ၃၅၂၀ ကျပ်ဖြင့် ယခုနှစ်ပတ်အတွင်းဒေါ်လာဈေးနှုန်း ၁၀၀ ကျပ်မြင့်တက်သွားကြောင်းသိရသည်။
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်များ လုပ်ငန်းရပ်ဆိုင်းထားနေရဆဲဖြစ်ပြီး တရုတ်ယွမ် ဈေးမှာ ဈေးအမြင့်တွင်ပင်ရှိနေသည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၄၇၆ ကျပ်ရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တစ်ယွမ် ၄၈၁ ကျပ် ရှိကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ယခုတစ်လအတွင်း ထိုင်းဘတ်ဈေး အတက်တွင်သာရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၇ ကျပ်ရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၉ ကျပ် ရှိကြောင်းသိရသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာလဲလှယ် နှုန်းထား လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက နေ့စဉ်ထုတ်ပြန်သော အကယ်ဒမီအခေါက်ရွှေဈေးနှုန်းသည် ပြင်ပပေါက်ဈေးဖြင့် ကွာခြားမှု ကျဉ်းလာကြောင်း တွေ့နေရသည်။
အကယ်ဒမီအခေါက်ရွှေဈေး အဖွင့်တန်ဖိုးမှာ ဘဏ်များအကြား ( Online Trading ) ဒေါ်လာလဲလှယ်နှုန်းထားဖြင့် တွက်ချက်ကြောင်းဖော်ပြထားသည်။
ပြည်တွင်းရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁ ရက်နေ့၌ အကယ်ဒမီရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်း ရှစ်သောင်း ရှိပြီး ၁၆ ရက်နေ့တွင် ကျပ် ၃၇ သိန်းရှိကြောင်းသိရသည်။
“ ရွှေဈေးက ဒီရက်ပိုင်းငြိမ်နေတယ်။ ဝယ်လိုအားမရှိတော့တာလား။ ဘယ်လိုလဲအခြေ အနေလဲမသိဘူး။ ပြီးခဲ့တဲ့လကဘဏ်ကိစ္စနဲ့ တော်တော်များများ အဝယ်လိုက်သေး တယ်။ အခုတော့ငြိမ်နေတယ်” ဟုရွှေဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလအစတွင် စက်သုံးဆီရုတ်တရက်မြင့်တက်ခဲ့ပြီး လေးရက် အကြာ၌ ရန်ကုန်မြို့ပေါ်တွင်ပင် စက်သုံးဆီပြတ်လပ်မှု စတင်ဖြစ်ပွား၍ တနိုင်ငံလုံး ဆီပြတ်လပ်မှုဖြစ်ပွားခဲ့ရသည်။
ရန်ကုန်မြို့အတွင်းစက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပွားခဲ့၍ လက်လီရောင်းချသည့် ဆီဆိုင်များက စက်သုံးဆီ အောက်တိန်း ၉၂၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ် နှင့် ရိုးရိုးဒီဇယ်ရောင်းချမှုများကို ရပ်နားထားကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းတွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၁၀ ကျပ် နှင့် ဒီဇယ် ၂၃၀၅ ကျပ် ဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၄၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ၂၅၄၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၂၄၅ ကျပ် နှင့် ဒီဇယ် ၂၂၄၀ ကျပ်သတ်မှတ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံက သိရသည်။
“ မနက်အစောထည့်ရင်တော့ ဆီကစိတ်ချရတယ်။ တချို့ဆိုင်တွေမှာဆို ဆီမရှိဘူး လို့ ခုထိ ကြားရသေးတယ်။ ကြည့်ရတာ limit နဲ့ရောင်းနေသလားမသိဘူး ” ဟု ကိုယ်ပိုင်ယာဉ် မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်အပါအဝင် ရန်ကုန်မြို့ကြီးနှင့် အခြား မြို့များတွင် စက်သုံးဆီရရှိရန်ညအိပ်ရခြင်း၊ ၄ နာရီမှ ၅ နာရီအထိ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်နေရပြီး သုံးစွဲသူအချင်းချင်း တဆင့်ပြန်လည်ရောင်းချမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူရခြင်း မရှိသော်လည်း တချို့ဆီအမျိုးအစားများ ပြတ်လပ်မှုရှိနေဆဲ ဖြစ်ကြောင်းသိရသည်။
လက်ရှိ သီတင်းနှစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးတွင် ဆန်၊ စားသုံးဆီ ဈေးအပါအဝင် စားဖိုဆောင် သီးနှံဈေးနှုန်းများက ဈေးအမြင့်တွင်ပင်ရှိနေကြောင်း စုံစမ်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ယခု ဒီဇင်ဘာလအတွက် ဆန်ဈေးသတ်မှတ်ခဲ့ပြီး အဆိုပါ သက်မှတ်ချက်သည် ပြင်ပပေါက်ဈေးနှင့် ဆန်တစ်အိပ်လျှင် ကျပ် ရှစ်သောင်းနီးပါး ကွာခြားလျက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။
ရွှေဘိုဆန်တစ်အိတ်ကို ၉၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ၉၀,၀၀၀ ကျပ်၊ ဧရာပဒေသာ ၉၅,၀၀၀ ကျပ်၊ ဧည့်မထအုပ်စုဝင်ဆန်များတစ်အိတ် ၇၂,၀၀၀ ကျပ်ဖြင့်ရောင်းဝယ်ရန် ဈေးကွက်နှုန်းထားအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပြီး ၎င်းတို့၏ သက်မှတ်စျေးသည် ပြင်ပပေါက်စျေးနှင့် များစွာ ကွာဟလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါသတ်မှတ်ဈေးနှုန်းထက် ပြင်ပဆန်ဈေးတွင်မူ များစွာကွာခြားလျက်ရှိပြီး ယခုပိုင်းတွင် ဆန်အချောမှ ဆန်ကြမ်းအထိ တစ်အိတ်လျင် ကျပ် တစ်သောင်းမှ ငါးထောင်ကျပ်အထိ ဆန်ဈေးမြင့်တက်ကြောင်း ဆန်ကုန်သည်တစ်ဦးထံက သိရသည်။
ရွှေဘိုအိုးဝင်ထိပ်စရှယ် တစ်အိတ် ၁၈၂,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၇၀,၀၀၀ ကျပ်၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး ၁၅၀,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၂၈,၀၀၀ ကျပ်၊ တောင်ပျံရှယ် ၁၂၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၁၁၈,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၉၆,၀၀၀ ကျပ်၊ ဇီယာရှယ် ၈၂,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကား အရောင်းဆိုင်ထံက သိရသည်။
ထို့ပြင် စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာ လျှင် ၄၈၁၅ ကျပ် သတ်မှတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများပူးပေါင်း၍ စားအုန်းဆီရောင်းချရာနေရာများတွင် စစ်ကောင်စီသတ်မှတ်ဈေးနှုန်း တစ်ပိဿာ ကျပ် ၄၈၁၅ ဖြင့်ရောင်းချနေပြီး ပြည်သူများ တန်းစီ တိုးဝယ်နေရဆဲဖြစ်သည်။
“ဈေးက တရိပ်ရိပ်နဲ့တက်နေတာ။ အကုန်တက်နေတာပါပဲ။ ကျမယ့်လမ်းကို မမြင် တော့ဘူး။ ဈေးတက်တဲ့ အကြောင်းတောင် မညဉ်းနိုင်တော့ဘူး။ နောက်ပိုဆိုးဖို့ပဲ ရှိတော့မယ်” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ညည်းညူပြောဆိုသည်။
ထို့ပြင်စားဖိုဆောင်သီးနှံ ဈေးနှုန်း ဆက်လက်မြင့်တက်နေရာတွင် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် အမြင့်ဈေးတွင်ရှိကြောင်း ရန်ကုန်မြို့ရှိ လက်လီအရောင်းဆိုင်များ ထံကသိ ရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဒီဇင်ဘာ၁မှဒီဇင်ဘာ၁၆ #Ayeyarwaddy_Times